nicolelwin

Saturday, May 25, 2013

ဆောင်းပါး ၃

ရိုဟင်ဂျာများကိုအကူအညီပေးနေသည်ဟူ၍ အိန္ဒိယ ထောက်လှမ်းရေး စွပ်စွဲ။

Thursday july 2013
နယူးဒေလီ(မဇ္ဈိမ) ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေးထားသည့်အကြမ်းဖက် အဖွဲ့များဖြစ်ကြသောHarkat-ul-Jihad (HuJI) နှင့်Lashkar-e-Toiba (LeT) တို့ကမြန်မာနိုင်ငံမှ မူဆလင် ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီများကစွပ်စွဲလိုက်သည်။

LeT ကHuJi အဖွဲ့၏ အထောက်အပံ့ဖြင့်ဖွင့် လှစ်ထားသော အကြမ်းဖက် သင်တန်းများသို့ ရိုဟင်ဂျာများကို စုဆောင်း ခေါ်ယူနေသည်ကို ISI အဖွဲ့က အကူအညီပေးနေသည်ဟု အဆိုပါထောက်လှမ်းရေး အေဂျင်စီများအား ကိုးကား၍ အိန္ဒိယ အခြေစိုက် Express News Service က ရေးသားထားသည်။

ဇူလိုင်လ ရက်နေ့က ဗုဒ္ဓဂယာတွင်ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့အပြီး အိန္ဒိယ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင်လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် လုံခြုံရေး အေဂျင်စီများက နယ်စပ်ရှိ တပ်ဖွဲ့များကို ပြောဆိုထားသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အဆိုပါ လမ်းကြောင်းများ မှတဆင့်အိန္ဒိယသို့ ဝင်ရောက်လာကြ၍ ဖြစ်သည်။

အိန္ဒိယမြို့ပေါ်ရှိ ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များအား စောင့်ကြည့်မှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း အကြမ်းဖက်သမား ခေါင်းဆောင်များ တရားမဝင် ခိုးဝင်လာသူများ အနေဖြင့် စိမ့်ဝင်လာခြင်း မရှိနိုင်ဟု မဆိုနိုင်ကြောင်း ထောက်လှမ်းရေး အေဂျင်စီများက ဆိုသည်။

သို့သော်အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်တို့ အပါအဝင် ဘာသာစုံ အဖွဲ့အစည်းများ၊အနုပညာရှင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်း အဖွဲ့အစည်းများ၊ လူမှု အဖွဲ့များကမူ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍မူဆလင်များအပေါ် ထင်မြင်ချက်ပေးကြသည့် ကောလာဟလများအပေါ် အလေးထား ယုံကြည်မှု မပြုကြရန်ပန်ကြားထားသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ထောင့်ပေါင်းစုံမှ ပြုလုပ်သွားမည် ဖြစ်သော်လည်း အလျင်စလို ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း သံသယဖြင့် ဖမ်းဆီးထားသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦးအား သက်သေ အထောက်အထားမရှိ၍ပြန်လွှတ်ပေးလိုက်ပြီးနောက်ပြောဆိုသွားသည်။
မူ မပြောင်းခင် လူ ပြောင်းဖို့ လိုပြီ
ဆွေလင်း| July 9, 2013 | Hits:2,502
ယခု သီတင်းပတ်တွင် ထုတ်ဝေသော သတင်းဂျာနယ်များ၌ အမျိုးသားလွှတ်တော် အတွင်းရှိ တပ်မတော်သားများ ကိုယ်စားလှယ်ကြီးများ တရားဝင် သတိပေးခံရကြောင်း ဖတ်ရှုရ၍များစွာ ၀မ်းနည်းမိပါသည်။ တချိန်တည်းမှာပင် ယခုကဲ့သို့ သတိပေးခံရခြင်းအပေါ် မည်သူ့တွင် တာဝန်ရှိသနည်းဟု ထပ်ဆင့်တွေးတောမိပါသည်။
ဤတပ်မတော်သားကိုယ်စားလှယ်တော်ကြီးများမှာဆန္ဒပြသည့် သဘောနှင့် ဆိတ်ဆိတ်နေခဲ့ကြခြင်း မဟုတ်သည်မှာတော့ အသေအချာပင် ဖြစ်ပါသည်။ ဤသို့ ဆိုလျှင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး မေးသော သဘောတူ၊ မတူမေးခွန်းကို မည်သည့်အတွက် အဖြေမပေးနိုင်ခဲ့ပါသနည်း။ အဖြစ်နိုင်ဆုံး အဖြေကို စဉ်းစားမိသည်မှာ သဘောမတူသင့်သည့်ကိစ္စကို သဘောတူမိပြီး၊ သဘောတူသင့်သည့် ကိစ္စကို သဘောမတူမိဘဲ ဖြစ်သွားမှာစိုးရိမ်သောကြောင့် အဖြေမပေးခဲ့ခြင်းဟု ထင်မြင် ယူဆမိပါသည်။ မိမိတို့စစ်သင်တန်း တလျှောက်လုံး တခါမှ လေ့ကျင့်သင်ကြား ပေးမထားသော၊ဆက်သွယ်ရေးဆိုင်ရာ ဥပဒေဆိုင်ရာ အချက် ၂၀ ကိုမည်ကဲ့သို့ စိတ်ချစွာ ဖြေဆိုနိုင်ပါမည်လဲ။
ကျနော်သာဆိုလျှင်လည်းကျနော် နားမလည်ပါသို့မဟုတ်ဥက္ကဋ္ဌကြီး ရှင်းပြပေးပါ သို့မဟုတ်နောက်မှအဖြေ ပေးခွင့်ပြုပါဟု ပန်ကြားမိမည် ဖြစ်ပါသည်။
သို့သော်တပ်မတော်သား ကိုယ်စားလှယ်ကြီးများမှာ ဤသို့ ဖြေဆိုခွင့်၊ မေးခြန်းခွင့်၊ရှောင်လွှဲခွင့် ရှိကြဟန် မတူပါ။ ထို့ကြောင့် အကောင်းဆုံးကကိုယ်နှင့် မဆိုင်သလို နေလိုက်ခြင်း ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပုံရသည်။ ဤအတွက် တပ်မတော်သား ကိုယ်စားလှယ်ကြီးများတွင်တာဝန်ရှိ၊ အပြစ်ရှိသည်ဟု ကျနော့်အနေဖြင့် လုံးဝ မယူဆပါ။
တပ်မတော်သားကိုယ်စားလှယ်ကြီးများမှာ တာဝန်မရှိဘူး ဆိုလျှင် မည်သူ့တွင် တာဝန်ရှိပါသလဲ။ ကိုယ်စားလှယ်တော်များ မဖြေဆိုနိုင်သော မေးခွန်းကို မေးခဲ့သော လွှတ်တော် ဥက္ကဋ္ဌကြီးမှာ တာဝန်ရှိပါသလား။ မေးခွန်းများကို မဖြစ်မနေ ဖြေဆိုမည့် ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ် မပေးခဲ့သော ကာကွယ်ရေး ဦးစီးချုပ်တွင် တာဝန်ရှိပါသလား။ တပ်မတော်သားများကို သူတို့နဲ့ မသက်ဆိုင်သော လွှတ်တော်တွင်းသို့ အတင်းဆွဲသွင်းပေးခဲ့သော အခြေခံဥပဒေ ရေးဆွဲသူတို့တွင် တာဝန်ရှိပါသလား။
မည်သူ့တွင်တာဝန်ရှိသည် ဖြစ်စေ ဤဖြစ်ရပ်မျိုး နောင်တွင်မဖြစ်ပေါ်ရအောင် နည်းလမ်း ရှာဖွေရပါတော့မည်။ မဖြစ်မနေ အဖြေပေးရတော့မည်ဆိုလျှင် တိုင်းပြည်အတွက် အရေးပါသော အဆုံးအဖြတ်တခုကို တပ်မတော်သား ကိုယ်စားလှယ်များက လွတ်လပ်စွာ လက်တန်း အဖြေပေးသင့်ပါသလား။ ပြည်သူထူထုကိုလည်းကိုယ်စားမပြု၊ အကြောင်းအရာကိုလည်း အပြည့်အစုံ နားမလည်သော ကိစ္စများတွင် အစိုးရ ၀န်ထမ်များသာ ဖြစ်သောတပ်မတော်သား ကိုယ်စားလှယ်များသည် ယခုကဲ့သို့ ဆိတ်ဆိတ်နေ၍ ကြားနေခြင်းက ပိုမိုသင့်မြတ်မည်လား၊ စဉ်းစားသင့်ပါသည်။
ယခင် သီတင်းပတ်ကလည်း ပြည်သူ့လွှတ်တော်ကြီးက တခဲနက် ဆုံးဖြတ်ခဲ့သော ဆက်သွယ်ရေးကုမ္ပဏီ ရွေးချယ်မှု ကိစ္စကြီးတွင် ဆက်သွယ်ရေးဝန်ကြီးက ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သောအခါ အမှန်အတိုင်း ပြန်လည် ဆုံးဖြတ်နိုင်ခဲ့ပါသည်။ မူလ အဆိုတင်သွင်းသူ၏စေတနာ မှန်၊ မမှန်ကိုပင် အခြားကိုယ်စားလှယ်တဦးက မေးခွန်းထုတ်ခဲ့ကြောင်း ကြားသိရပါသည်။ ဤဖြစ်ရပ်ကို ကြားသိရသော ပြည်သူတယောက် အနေဖြင့် ဘုရားတမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အခြားနိုင်ငံ လွှတ်တော်များကဲ့သို့ နောက်ခံ ထောက်ကူပြုအဖွဲ့များ အလုံအလောက်ထားရှိမပေးနိုင်ပါက အလားတူ သည်းထိတ်ရင်ဖို ဖြစ်ရပ်များအနာဂတ်တွင်လည်း ကြုံတွေ့နိုင်ပါသည်။
တပ်မတော်သားဆိုသည်မှာ ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေကို တမုဟုတ်ခြင်း သုံးသပ်ဆုံးဖြတ်ရသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ မိမိ၏ အသက်ကို ရင်းရမည့်ကိစ္စတွင် လျှပ်တပြက် မှန်ကန်စွာ ဆုံးဖြတ်နိုင်ပြီး တိုင်းပြည်အရေး ဆုံးဖြတ်ခိုင်းတော့မှ ရူးချင်ယောင်ဆောင် နေ၍ မရပါ။ တိုင်းပြည်အနာဂတ်ကို နံကြားထောက်၍ ဆုံးဖြတ်ချက် မပေးသင့်။
မြန်မာနိုင်ငံအတွက်သင့်တော် ကောင်းမွန်သော ဥပဒေအသစ်များ ပေါ်ထွန်းလာရေးတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်မည် ဆိုပါက ဤနေရာတွင် တပ်မတော်သားများ၏အရည်အသွေး အရည်အချင်းကောင်းများကို ပြန်လည် လေ့လာ စဉ်းစားသင့်ပါသည်။
တပ်မတော်သားများသည်အထက်က ပေးအပ်သော အမိန့်နှင့် တာဝန်ကို ဦးလည်မသုန် ထမ်းရွက်တတ်ပါသည်။ မိမိအသက်၊ မည်သည့် အသက်ကိုမျှ ပမာမထား၊ဥပဒေကိုပင် မငဲ့ကွက်ဘဲ ကြိုစားထမ်းရွက်တတ်သကဲ့သို့ မိမိနှင့် မတူကွဲပြားသူများနှင့် ဆက်ဆံနေရသော ပတ်ဝန်းကျင်မျိုးတွင် သတိကြီးစွာထား၍ သံသယဖြစ်လာလျှင် လက်ဦးအောင် အပြတ်ရှင်းတတ်ပါသည်။ အခြေအနေကိုလည်း မိမိလက်ထဲတွင် အမြဲထိန်းချုပ်နိုင်အောင် ထားတတ်သည်။ တရုတ် စစ်ရေး ပါရဂူဆွန်ဇု၏ အဆိုအရ စစ်ရေး၏ အခြေခံမှာလှည့်ဖြားခြင်းဟု ဆိုသည့်အတိုင်း လှည့်ဖြားနည်း မျိုးစုံလည်း ကျွမ်းကျင်ကြရပါသည်။
တိုင်းပြည်အတွက်အမှန်တကယ် အရေးပေါ် လိုအပ်နေသော နိုင်ငံရေးသမား၊အုပ်ချုပ်ရေးသမား၊ လွှတ်တော်အမတ်များမှာ မည်သည့်အမိန့်ကိုမျှ စောင့်မျှော်မနေဘဲ ပြည်သူလူထု အကျိုးကို ရှေးရှု၍ ရိုးသားစွာ ဥပဒေဘောင်ကိုတိကျစွာ လိုက်နာ ဆောင်ရွက်မည့်သူများ ဖြစ်ပါသည်။
သဘောထားအမြင်မတူသူများနှင့် လက်တွဲ၍ လွတ်လပ်စွာ ဆုံးဖြတ်၊သုံးသပ်တတ်သူများ ဖြစ်ပါသည်။ အတိအကျဆိုရလျှင်စစ်ရေးအမြင် ကင်းရှင်းသူများဖြစ်ပါသည်။
သို့သော်ယနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်သားဟောင်းကြီးများသည် လွှတ်တော်ထဲတွင်လည်း ရှိနေပါသည်။ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နေပါသည်။ နိုင်ငံရေး နယ်ပယ်ထဲတွင်လည်း နေရာမလပ် ရှိနေကြပါသည်။ ၎င်းတို့အားလုံးကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင် ပြုလုပ်ကြပါဦးမည်။ တခုခု လွဲနေသလို ထင်မိပါသည်။
လွဲနေတာရှိလျှင် မှန်အောင် ပြင်နိုင်ပါသည်။ ကံကောင်းသည်က မြန်မာ့တပ်မတော်သည် ပြင်ဆင်ရလွယ်ကူသော ရိုးစင်းသော တပ်မတော်ဖြစ်နေခြင်းပင်။ အမှားကို တွေ့လျှင် အမှန်ကို ပြင်ဆင်ဖို့ ၀န်မလေးခြင်း ဖြစ်သည်။
၁။ အမှားရှိလျှင် အမှားကို အမှားမှန်း အသိအမှတ်ပြု လက်ခံရပါမည်။
၂။ အခြေအနေမှန်ကို လေ့လာ၍ အဖြေမှန်ကို ရှာဖွေရပါမည်။
၃။ ပြုပြင်ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင်ရပါမည်။
ဥစ္စာရင်လိုဥစ္စာရင်ခဲ ရမည်။ No pain, no gain ဟု ဆိုသော်လည်း အမှန်ကိုကိုယ်တိုင် လက်ခံရန် တွန့်ဆုတ်တတ်ပါသည်။ လုပ်ရဲသော်လည်း မခံရဲသူများ ရှိပါသည်။ လိုအပ်သော ပံ့ပိုးမှုများ ဖြည့်ဆည်းပေးရမည်မှာ အမှန်ပင် ဖြစ်သည်။ အရေးကြီးသည်က အစားထိုးရေး ပြဿနာ ဖြစ်သည်။ တမိုးလုံးဖျောက်ဆိပ် ဖြစ်နေသော တပ်မတော်သားများကို နိုင်ငံရေးနယ်ပယ်ထဲက ဆွဲထုတ်ရမည်ဆိုလျှင် ရိုးသားသော၊ ထိုက်တန်သည့် အရပ်သား နိုင်ငံရေးသမားများ မည်မျှအဆင့်သင့် ဖြစ်နေကြပြီလဲ။
ပြည်သူလူထုကြီးက၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စုပြုံ မဲပေးကြလိမ့်မည်ဟုခန့်မှန်ပြောဆို နေကြသည်။ NLD ပါတီကြီးက လွှတ်တော် အဆင့်ဆင့်အတွက် အရည်အချင်းပြည့် အမတ်တွေ ရှာဖွေဖော်ထုတ်၊ အဆင်သင့်လုပ်ထားနိုင်ပြီလား။ သို့မဟုတ် ထိုကဲ့သို့ ဒေါင်ဒေါင်မြည်လာဖို့ ရွေးကောက်ပွဲ ဘယ်နှကြိမ်ကြာမည်လဲ၊ စောင့်ရမည်လဲ။ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ (CEC) က ၂၀၁၅ အပြီးလွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်မှာ တာဝန်ယူဖို့ စီမံကိန်း၊ စီမံချက်တွေ ရေးဆွဲ အကောင်အထည် ဖော်နေပြီးလား။
ခေါင်းငြိမ့်၊ခေါင်းခါ မလုပ်တတ်လို့၊ တပ်မတော်သားများကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ ခက်ခဲသည်ဆိုလျှင် စစ်ရေးအမြင် ကင်းရှင်းသော အရည်အချင်းမြင့် နိုင်ငံရေးသမားများ လွှတ်တော်တွင် ဖြည့်တင်းရေးက များစွာ ပိုမို ခက်ခဲပါသည်။အရည်အချင်းမြင့် အုပ်ချုပ်ရေးသမားများဖြင့် အစိုးရဖွဲ့ဖို့ များစွာ ပိုမို ခက်ခဲပါမည်။
ဟုတ်ကဲ့ပြော၊ ခေါင်းညိတ်တတ်ရုံဖြင့် တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်လို့ မရနိုင်မှန်း နားလည်နေကြပါပြီ။ ကိုယ်နဲ့ နီးစပ်သူ၊ ကိုယ် ယုံကြည်သက်ဝင်သူများကိုသာ တာဝန်ပေးနေလျှင် တကယ်အရည်အချင်း မြင့်သူများ အထူးလိုအပ်နေသော ယခုအချိန်မျိုးတွင် တိုင်းပြည်အတွက် အထူးနစ်နာပါလိမ့်မည်။
ကြီးလေးသောတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ကြပြီးလို့ လွှတ်တော် တ၀က်ခရီးသို့ပင် ရောက်နေလာခဲ့ပါပြီ။ တဆင့် ပြောင်းလဲလာသော အခြေအနေနှင့်လိုက်လျောအောင် လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲရမည့် အချိန်ဖြစ်ပါသည်။ ယခု တကြိမ်ကမူမပြောင်း၊ လူ ပြောင်းရမည့် အချိန်ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး သံယောဇဉ်များကို ခေတ္တဘေးဖယ်၍ လူသစ်တွေ မလဲလှယ်နိုင်ကြလျှင် ရှေ့တဆင့် တက်လှမ်းရေးသည် တုန့်နှေးရပ်တန့်သွားမှာ စိုးရိမ်နေကြရပါသည်။
သမ္မတ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကမ္ဘာနဲ့ အ၀ှမ်းက ချီးမွမ်းထောပနာပြုတာတွေ ခံရလောက်အောင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံ့လ ၀ီရိယ ဇွဲသတ္တိ စွန့်လွှတ်မှုတို့မှာ ချီးမွမ်းမကုန် ရှိခဲ့ပါသည်။
ထိုအချိန်မျိုးတွင်တဦးတည်း သိပ်ထူးချွန်ပါက ဖြစ်လေ့ဖြစ်ထ ရှိသကဲ့သို့ တပ်ဦးကျွံ၍ ၀ိုင်းရံပိတ်ဆို့မှု ခံရတတ်ပါသည်။ ထိုသို့ မခံရအောင် လူရင်းလူယုံများက ၀ိုင်းရံကာဆီးလိုက်သော အခါမှာလည်း ပြည်သူလူထု အများနှင့် အဆက်ပြတ်သွား တတ်သည်။ အထူးသဖြင့် ယခုလိုအပြောင်းအလဲ ကာလမျိုးတွင် စွမ်းဆောင်ရည်မြင့်သော ပုဂ္ဂိုလ်အများအပြား ၀ိုင်းရံ ပူးပေါင်းခွင့်ရအောင် လူယုံများ၏ ပိတ်ဆို့ကာကွယ်ခြင်းမှ ကျော်လွန်ဖောက်ထွက်ဖို့ နည်းလမ်းကို ရှာရန်လည်း လိုအပ်ပါသည်။
ပါတီတွင်းပါတီပ လုပ်ငန်းများတွင် ပံ့ပိုးမည့် အင်အားစု အများအပြားလိုသကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ကော်မတီတွင်း၌ အင်အားဖြည်တင်းရန် လွှတ်တော်ဖွဲ့စည်းပုံကိုလည်း အထူးအမြန် ပြင်ဆင်ရန် လိုအပ်ပါသည်။
မှန်ကန်သောဖွဲ့စည်းပုံ ဥပဒေအရပ်ရပ်ကို ပြင်ဆင်နိုင်မှသာလျှင် တိုင်းရင်းသားများ၊ ဒီမိုကရေစီပါတီများ၊ ပြည်ခိုင်ဖြိုး အင်အားစုများနှင့် တပ်မတော်သားများ အဆင်ပြေစွာ ရှေ့ဆက် တက်လှမ်းနိုင်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။
(စာရေးသူဆွေလင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦးဖြစ်သည်။)


ဗုဒ္ဓဂယာဗုံးကွဲမှုကြောင့် ရွှေတိဂုံနှင့် မန္တလေး မဟာမြတ်မုနိဘုရား လုံခြုံရေးတိုးမြှင့်ပြီ
ထက်နိုင်ဇော်| July 9, 2013 | Hits:1,683
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့်ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးတို့တွင် လုံခြုံရေး အထူးတိုးမြှင့် ချထားလိုက်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓဂယာဗုံးခွဲ တိုက်ခိုက်ခံရမှုသည်  ဗုဒ္ဓဘာသာဝင်များ၏အထွဋ်အမြတ်ထားရာ နေရာများကို အဓိက ဦးတည်သော ပထမဦးဆုံးအကြိမ်အကြမ်းဖက်မှုဟု ယူဆရသဖြင့် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများတွင် လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိတန်ခိုးကြီး ရွှေတိဂုံ စေတီတော်တွင် ဘုရားလုံခြုံရေး ၀န်ထမ်း ၂၀၄ ဦးရှိပြီးလုံခြုံရေး အစီအမံများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ဘုရား လုံခြုံရေး အဖွဲ့ဝင်များယခင် ရက် အလုပ်ဆင်း၊တရက်အနားပေးသည့် စနစ်မှ တရက်အလုပ်ဆင်း၊ တရက်အလုပ်နားစနစ်သို့ ပြောင်းလဲပြီး လုံခြုံရေး အင်အား တိုးမြှင့်ထား ကြောင်း၊ရွှေတိဂုံ စေတီတော်ကြီး အထိအခိုက် မရှိစေရန် လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပါ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။
ကျနော်တို့အဆင့်နဲ့ မရတော့တဲ့အတွက် ကျနော်တို့ထက်အဆင့်မြင့်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကနေ လာပြီးတော့ လုပ်ပေးနေတာပေါ့။ လုံခြုံရေးအင်အား တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတယ်။ ကျနော်တို့ ဘုရားလုံခြုံရေး ၀န်ထမ်းတွေက ရဲတပ်ဖွဲ့ အောက်ကို ရောက်သွားတယ်။ ရဲတပ်ဖွဲ့နဲ့ ပေါင်းလုပ်တာပါဟု ဦးဝင်းကြိုင်က ရှင်းပြသည်။
လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျှက်ရှိရာတွင် အဓိကအားဖြင့် ဘုရားဖူး လာရောက်သူများ၏ အိတ်များကိုလည်း ယခင်က ထက် ပိုမိုအရေးတယူ စစ်ဆေးလျက်ရှိပြီး လှိုင်သာယာ ရဲတပ်ရင်း မှ ရဲတပ်ဖွဲ့ဝင်များကိုအရပ်ဝတ် လုံခြုံရေး ပုံစံဖြင့် ရွှေတိဂုံ စေတီတော်တွင် ဖြန့်ကျက် ချထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
ကျနော်တို့ရဲတပ်ရင်း က လူအင်အားတော်တော်များများ ဒီကို ရောက်နေတယ်။ အထက်ကညွှန်ကြားလို့ ဒီမှာလုံခြုံရေး စောင့်နေရတာပါဟု ရွှေတိဂုံစေတီတော် မြောက်ဘက်စောင်းတန်းတွင် လုံခြုံရေး တာဝန်ယူနေသော ရဲဝန်ထမ်းတဦးက ပြောသည်။
မန္တလေးမြို့၏အထင်ကရ တန်ခိုးကြီးဘုရား တဆူဖြစ်သော မဟာမြတ်မုနိ ဘုရားကြီးတွင်လည်း ရန်ကုန်မြို့ နည်းတူ
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေရကြောင်း၊ မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေး အဆိုင်း ဆိုင်းခွဲထားပြီး တဆိုင်းလျှင် ၁၅ ဦးစီဖြင့် ဘုရားကြီးကိုလှည့်ပတ် စစ်ဆေးလျှက်ရှိကြောင်း မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ပြောသည်။
ကျောပိုးအိတ်တွေကိုဘုရားကြီးထဲ ယူခွင့် မပေးတော့ဘူး။ တခြားပစ္စည်းတွေကိုလည်း ယူခွင့်မပေးဘူး။ သေတ္တာထဲမှာ အပ်ခိုင်းတယ်။ ကျောက်ဆည်မှာကော၊ ပြင်ဦးလွင် မဟာအံ့ထူး ကံသာမှာပါ လုံခြုံရေးတွေ တိုးချ ထားတယ်လို့ သိရတယ်ဟု မန္တလေးမြို့ အခြေစိုက် ဧရာဝတီ သတင်းထောက် မန်းသားလေးကပြောသည်။
ဗုဒ္ဓဂယာဗုံးခွဲခံရမှု သတင်းကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်မည့်သူ အရေအတွက် လျော့ကျသွားဖွယ် ရှိကြောင်း၊ ယခုအချိန်သည် ဘုရားဖူးရာသီ မဟုတ်သော်လည်း ယခင်နှစ်များက ဗုဒ္ဓဂယာ ဘုရားဖူး သွားရောက်သူသောင်းဂဏန်းရှိကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်များသီးသန့် ပို့ဆောင် ပေးနေသော ရွှေတော်ဝင် ခရီးသွားလုပ်ငန်းမှ ဒေါက်တာ သန်းဇော်ဝင်းက ဆိုသည်။
ဗုဒ္ဓဂယာခရီးသွားရာသီက စက်တင်ဘာ လပိုင်းအကုန်မှ စတယ်ဆိုပေမယ့် ဒီဗုံးသတင်းကြောင့် ဘုရားဖူးတွေ တွန့်သွား နိုင်တယ်။ နောက်ဆုတ် သွားနိုင်တယ်။ ပြီးခဲ့တဲ့ နှစ်လောက်တော့ သွားကြမှာ မဟုတ်တော့ဘူးဟု ဒေါက်တာ သန်းဇော်ဝင်းကသုံးသပ်သည်။
ဗုဒ္ဓဂယာတွင်ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှု သမိုင်းတွင် ဖြစ်တောင့်ဖြစ်ခဲ ရှားပါးသော ဖြစ်စဉ် တခုဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြားပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်နိုင်ကြောင်း၊ အိန္ဒိယနိုင်ငံရှိ  အစ္စလမ်ဘာသာဝင် မူဂျာဟစ်ဒင်များက လက်တုံ့ပြန်မှု ဖြစ်နိုင်ကြောင်း အိန္ဒိယ သတင်းစာ များကရေးသား ဖော်ပြကြသည်။
ဗုဒ္ဓဂယာဗုံးခွဲခံရမှုဖြစ်စဉ်နှင့် ဆက်စပ်သော သံသယရှိသူ ဦး၏ ဓာတ်ပုံကိုအိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ နိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးRanjan Mathai က မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ ဗုဒ္ဓဂယာဗုံးခွဲတိုက်ခိုက်ခံရမှု၏ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြန်မာအစိုးရနှင့် သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုလိုက်ကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများတွင် ဖော်ပြထားသည်။
ဗုဒ္ဓဂယာဗုံးခွဲတိုက်ခိုက်ခံရမှုတွင်ဒဏ်ရာရရှိခဲ့သူ ဦးအနက် တဦးမှာ  မြန်မာနိုင်ငံမှအိန္ဒိယနိုင်ငံသို့ စာသွားရောက် သင်ယူနေသော ရဟန်းတပါး ဖြစ်ပြီး ရရှိသောဒဏ်ရာမှာ အသက် အန္တရာယ် စိုးရိမ်စရာမရှိဟုသိရှိရသည်။


ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြဖို့
11.07.2013
မြန်မာနိုင်ငံမှာမတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်း တခုနှင့်တခု ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် သမိုင်းကို ပြန်ကြည့်သင့်တယ်။ မြန်မာ့သမိုင်းမှာ မတူကွဲပြားသူတွေ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ခဲ့ကြတယ်လို့ မြန်မာအရေးကို ရာစုဝက်ကျော်ကျော် စောင့်ကြည့် လေ့လာခဲ့တဲ့ အမေရိကန်ပါမောက္ခ Josef Silverstein  က ပြောကြားလိုက်ပါတယ်။New Jersey Rutgers တက္ကသိုလ်ကဂုဏ်ထူးဆောင်ပါမောက္ခ Josef Silverstein နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ဆရာကြီးSilverstein ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်မှာ ဗုဒ္ဓဘာသာဟာ ဘယ်လောက်အရေးပါ ပါသလဲ။ ဆိုတာက မြန်မာ့အမျိုးသားစိတ်ဓာတ်သည် Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနှင့် ကင်းလွတ်သောအမျိုးသားရေး စိတ်ဓာတ်လား။ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ဆက်စပ်မှုရှိနေပါသလား ဆရာကြီး ဘယ်လို သဘောရပါသလဲ။
Josef Silverstein ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးဆက်စပ်နေပါသလား။ တခုနှင့်တခု ဆက်စပ်နေပါတယ်။ အတူတူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ဟာ အမျိုးသားရေးဝါဒီကော ဗုဒ္ဓဘာသာဝင်ကော အတူတူဖြစ်နိုင်ပါတယ်။ တခုနှင့်တခုဟာ ဖီလာဆန့်ကျင် မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ဆိုတော့မြန်မာ့အမျိုးသားရေး စိတ်ဓာတ်ဟာ Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနှင့် ကင်းလွတ်သော အမျိုးသားရေးဝါဒ မဟုတ်ဘူးပေါ့။
Josef Silverstein  ဗုဒ္ဓဘာသာဟာဘဝနေရေးအတွက် သိပ်အရေးပါတဲ့ နည်းလမ်းတရပ် ဖြစ်ပါတယ်။ ဒါဟာ အတွေးအခေါ် ယုံကြည်မှုတရပ်သာမကပါဘူး။လူတွေဟာ တစ်ဦးနှင့်တစ်ဦး ဘယ်လို ဆက်ဆံနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ဘဝလမ်းညွှန်ပါ။ ဒီအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်သူမဆို ဘယ်သူနှင့်မဆို နေထိုင်နိုင်တဲ့ တစ်ယောက်နှင့်တစ်ယောက် ပဋိပက္ခမဖြစ်ဘဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖက်ကို တဖက်က လေးစားရမယ့်နည်းလမ်းလည်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ဆိုလိုတာကဘာသာခြားတွေနှင့် ဗုဒ္ဓဘာသာဝင်တွေနှင့် အတူတူယှဉ်တွဲနေထိုင်နိုင် တဲ့လမ်းစဉ် ဆိုတဲ့သဘောပေါ့။
Josef Silverstein  လုံးဝမှန်ကန်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့ တစိတ်တဒေသလည်းဖြစ်ပါတယ်။ ဒီကနေ့ ပြဿနာတခုကတော့ လူတွေဟာသမိုင်းကိုပြန်မဖတ်ကြတော့သာ ဖြစ်ပါတယ်။ လူတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ပြီးစတင်အခြေကျနေထိုင်ခဲ့ကြတာ အဲဒီအထဲမှာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ လူမှုအသိုင်းအဝိုင်းတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ သူတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြပါတယ်။ တမျိုးနှင့်တမျိုး ဝင်ရောက်ဖက်စွက်တာလည်း မရှိခဲ့ကြပါဘူး။ဘာသာအယူဝါဒ မတူသူတွေကို အတင်း ဘာသာပြောင်းစေဖို့ ကြိုးပမ်းခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး။
ဦးကျော်ဇံသာ ဆိုရင်ဒီကနေ့ဖြစ်လာတဲ့ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကြတော့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေဖြစ်နေတယ်ပေါ့ ဆရာကြီး။
Josef Silverstein အကြမ်းဖက်မှုတွေဟာလည်း ရေရှည်ဖြစ်ထွန်းလာခဲ့တဲ့ ကိစ္စတရပ်ပါပဲ။ တနည်းပြောရရင်အခုနောက်ဆုံး ရာစုနှစ်မှာပါ။ ဒါကိုလည်း နိုင်ငံတော်ဖြစ်ထွန်း ရပ်တည်လာမှုနှင့် ယှဉ်ပြီးတော့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် ဗမာတွေ မြန်မာအလယ်ပိုင်းတခွင်ကို အုပ်စိုးထားခဲ့စဉ်တုန်းက ဒေသတနံတလျားက လူမျိုးစုတွေဘာသာရေး အသိုင်းအဝိုင်းတွေ လူမှုဝန်းကျင်တွေကို သူတို့ဟာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားခဲ့ ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ဘောင်အတွင်းနေထိုင်သမျှ ကာလပတ်လုံး ဒီလိုပဲခွင့်ပြုထားခဲ့တာပါ။ ဒါဟာ ၂၀ ရာစုအစပိုင်းမှာတစုနှင့်တစု သဘောထား မတူညီမှုတွေ ဖြစ်လာပြီးစတင် ယိုင်နဲ့လာခဲ့ပါတယ်။ တကယ်တော့ အိမ်နီးချင်းတွေ အချင်းချင်းရန်ဖြစ်တာ စစ်တိုက်တာဟာ ဗုဒ္ဓဘာသာ အစဉ်အလာ၊ အစ္စလာမ်အစဉ်အလာ မဟုတ်ပါဘူး။ အိမ်နီးချင်းတွေကြား ပျော်ရွှင် ငြိမ်းချမ်းစွာနှင့် လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တဲ့ အစဉ်အလာတွေသာ ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ဆရာကြီးကဘာသာတရားနှစ်ခုစလုံးဟာ ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်တဲ့ အစဉ်အလာရှိတယ်ဆိုတော့ အခု ပြဿနာတွေ ဖြစ်လာတာကြတော့ကော။အဲဒီတုန်းက ကောင်းခဲ့တဲ့ အစဉ်အလာတွေ အခုဆိတ်သုဉ်းသွားခဲ့ပြီးလား သို့မဟုတ် အခုအခါမှ တဖက်ကိုတဖက် လွှမ်းမိုးချင်တဲ့ စိတ်တွေများ ပိုမိုပေါ်လွင်လာလို့လားဆိုတာ ဘယ်လိုပြောမလဲ ခင်ဗျာ။
Josef Silverstein အခုအခါ ကျနော်တို့တွေ့ကြုံလာရတဲ့ပြဿနာတွေတိုက်ခိုက်မှုတွေ သဘောကွဲလွဲမှုတွေဟာ အဓိကအားဖြင့် ဗမာတွေအနေနှင့် သြဇာအာဏာကို လူထုအသိုင်းအဝိုင်း တခုလုံးအတွက် မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွက်ရာကတဆင့် ပေါက်ဖွားလာတာပါ။ သမိုင်းမှာလည်း အုပ်စိုးသူ ဘုရင်မရှိတဲ့အခါ ဒါမှမဟုတ် အုပ်စိုးတဲ့ဘုရင် အင်အားပျော့ညံ့တဲ့အခါမှာ လူတွေဟာ အုပ်စုလိုက် တခြားအုပ်စုတွေလာရောက်တိုက်ခိုက်မှာစိုးလို့ကာကွယ်ခုခံလာကြပါတယ်။ ဆိုတော့ ဒီကနေ့အခါမှာ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ စိတ်ဝမ်းကွဲပြားမှုတွေ လူမှုဒုက္ခတွေဟာ ကောင်းမွန်တဲ့ အုပ်စိုးမှုစနစ်တရပ်ကို မျိုးဆက်တခုက တခုကို နည်းလမ်းတကျ လွဲပြောင်းချမှတ်ပေးနိုင်ခြင်းမရှိတဲ့ရလဒ်တွေလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတရပ် ဖြစ်မလာပဲ တစ်ယောက်လည်ပင်းကို တစ်ယောက် ညစ်ဖို့ကြိုးစားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေရတာပါ။
ဦးကျော်ဇံသာ ဆိုတော့ဒီပဋိပက္ခတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲလာကြသူတွေအထဲက ပြောင်းလဲပေါ်ထွန်းလာတဲ့ သဘောပေါ့။ တနည်း ပြောရရင် ငြိမ်းချမ်းရေးကတဆင့်ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေလို့ ဆိုရမှာပေါ့။
Josef Silverstein    မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ လူမျိုးစုတွေ အကြား ငြိမ်းချမ်းရေး မတည်တံ့နိုင်ဘူးဆိုတဲ့ အခြေအနေတွေ အယူအဆတွေကတော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ စိန်ခေါ်မှု တစုံတရာ မရှိဘဲ ငြိမ်းချမ်းရေးတည်တံ့ခဲ့တဲ့ ကာလလည်း ရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ဆိုတော့အရင်က မရှိခဲ့ပဲ အခုရှိလာတာကြတော့ကော ဆရာကြီး။
Josef Silverstein အခုတော့ အယူဆသစ်တွေကိုပြင်ပက လူတွေကနေတဆင့် တင်သွင်းလာတာတွေ့ မြင်နေရပါတယ်။ ပြင်ပက ဝင်ရောက်လာသူတွေဟာ သူတို့နှင့်အတူစိတ်မချမ်းသာစရာတွေ၊ မုန်းတီးစိတ်တွေ၊ သဘောထား ကွဲလွဲမှုတွေကို သယ်ဆောင်လာပြီးပြည်တွင်းမှာ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လာသူတွေဆီသွတ်သွင်းပေးနေကြတာ တွေ့ရပါတယ်။ အဲဒီလိုနှင့် နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ငြိမ်းချမ်းမှု ပျက်ပြားစရာတွေ ဖြစ်လာရတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ နောက်တခုကဖဆပလခေတ်တုန်းကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ ဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ပြဿနာ တက်ခဲ့ရတယ်လို့ ဖတ်ရပါတယ်။ ဒါပေမယ့် ဒီလိုအထိ ဆိုးတဲ့ အကြမ်းဖက်မှုတွေတော့ မဖြစ်ခဲ့ဘူးပေါ့ခင်ဗျာ။
Josef Silverstein ဒီလို အယူအဆမျိုးနှင့်ပတ်သက်ပြီးတော့ ကျနော် စိုးရိမ်ပါတယ်။ နိုင်ငံတော်ဘာသာဆိုတဲ့ အယူအဆဟာ အတော်လေး နောက်ပိုင်းကျမှပေါ်ထွက်လာတဲ့ အယူအဆ ဖြစ်ပါတယ်။ အတိတ်ကာလ၁၉ရာစု၊ ၁၈ ရာစုကို ပြန်ကြည့်မယ်ဆိုရင်ဘာသာကိုးကွယ်မှု မတူညီတူ တွေဟာ နီးနီးကပ်ကပ်နေထိုင်ခဲ့ကြပါတယ်။ဒါပေမယ့် သူတို့ ခေါင်းဆောင်မှုနှင့် သူတို့နည်းနှင့်သူတို့ နေထိုင်ခဲ့ကြတာပါ။ တစ်ယောက်အရေး တစ်ယောက် ဝင်စွက်ဖက်တာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ခေတ်သစ်ရောက်လာတော့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တချို့က ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်ရမည်လို့ တောင်းဆိုလာကြပါတယ်။ တကယ်တော့ နိုင်ငံတော်ဘာသာ ဆိုတာမရှိပါဘူး။ လူအများစုက ဗုဒ္ဓဘာသာကိုးကွယ်ကြတော့ သူတို့ဟာသူတို့ ကျင့်ကြံလိုက်နာကြဖို့ပဲ ရှိပါတယ်။
ဦးကျော်ဇံသာ အခုလိုဆိုတော့ရှေးတုန်းက ဘာသာကွဲ လူမျိးကွဲ ပြဿနာမရှိဘဲအတူယှဉ်တွဲ နေထိုင်လာကြတယ်။ အခုနောက်ပိုင်းကျတော့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်လာတယ်ဆိုတော့ မြန်မာနိုင်ငံသမိုင်းက ခေတ်သစ်ကျမှ တိုးတက်မလာဘဲ နောက်ပြန်ဆုတ်နေ တယ်ဆိုတဲ့သဘောပေါ့ ဆရာကြီး ခင်ဗျ။
Josef Silverstein ကျနော် အပြည့်အဝသဘောတူပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေဟာ သူတို့အုပ်ချုပ်ရေးနှင့် သူတို့ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ဗမာဘုရင်ကို အကြီးအမှုးအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး အချင်းချင်း သဟဇာတရှိ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင် ကလည်း သူတို့နည်းနှင့် သူတို့နေခွင့်ပြုထားခဲ့ကြပါတယ်။ သူတို့ကိစ္စကို ဝင်မစွက်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းရေး ရှိခဲ့ပါတယ်။ လူမှုစစ်ပွဲတွေ မရှိခဲ့ပါဘူး။ ပြည်ပတိုင်းပြည်တွေနှင့်တော့ စစ်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။ ဥပမာ ထိုင်း နှင့်ဗမာစစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ဘာသာကိုးကွယ်မှု ကွဲပြားခြားနားလို့ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ဟုတ်ကဲ့ဆရာကြီး။ အဲဒီတော့ ရှေ့ကို မျှော်ပြီးကြည့်မယ်ဆိုရင် ဒီလို သဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနှင့် မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့စနစ်ကို ပြန်သွားဖို့အတွက် အဲဒီစနစ်မျိုးကို ဖန်တီးဖို့အတွက် ဘာတွေကို ကျနော်တို့ ပြုပြင်ကြရမလဲ။ စနစ်ကို ပြုပြင်ရမလား။ နိုင်ငံတော်ကိုပြောင်းလဲရမလား။ သို့မဟုတ် လူ့အဖွဲ့အစည်း လူတွေရဲ့ စိတ်နေသဘောသဘာဝကို ပြောင်းလဲရမလား။
Josef Silverstein ဒါကိုလည်း နောက်ပြန်လှည့်ကြည့်ရမှာပါ။ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူတွေကို ဦးဆောင်ပြီး ပင်လုံညီလာခံ လုပ်စဉ်တုန်းက လူမျိုးစုတွေ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ် နေထိုင်ပိုင်ခွင့်ကို ပြောကြားခဲ့ပါတယ်။ မူစလင်တွေကိုသော်လည်းကောင်း တခြားအုပ်စုတွေကိုသော်လည်းကောင်းပြောင်းလဲဖို့ သူမလုပ်ခဲ့၊ မပြောခဲ့ပါဘူး။ ငြိမ်းချမ်းပြေပြစ်မှု ရှိနေသမျှ သူတို့ဘာသာ သူတို့နေကြဖို့သာ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ Federal ပြည်ထောင်စု ဖွဲ့အစည်းရေးကို လိုလားပါတယ်။ လူမျိုးစုတွေ တစုကိုတစု ဝင်မစွက်ဖက်ဘဲ ကိုယ့်ဘာသာကိုယ် နေထိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဇစ်မြစ်ကို အခု ပြန်မသွားကြတော့ပါဘူး။ နိုင်ငံတော်ဘာသာ ဆိုတာမျိုးတွေလုပ်ချင်လာပါတယ်။ ကျန်လူမျိုးစုအပေါ် ကြီးစိုးချယ်လှယ်လာချင်ကြပါတယ်။ဆိုတော့ကျနော့်သဘောပြောရရင် သမိုင်းကို ပြန်ကြည့်ကြပါ။လေ့လာကြပါ။ အဲဒီမှာ မြန်မာလူမျိုးတွေ သဟဇာတရှိရှိပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတာကို တွေ့ကြရပါလိမ့်မယ်။

မလေးရှားသို့တရားမ၀င် လှေနဲ့ သွားတိုင်း မြန်မာနိုင်ငံသားမဟုတ်ပါ
(နိရဉ္စရာ- ဇူလိုင် ၂၀၁၃) Wednesday, July 10, 2013
မလေးရှားနိုင်ငံသို့တရားမ၀င် ထွက်ခွာရန် ပြင်ဆင်နေသော မော်တော်ဘုတ် တစ်စီးပေါ်မှ လူပေါင်း ၂၂၀ ကို ဘင်္ဂလာဒေခ်ျ့ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ဖမ်းဆီးခံရသူများထဲတွင်ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၂၁၄ ဦး ပါဝင်ပြီးကျန် ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာကြီးတွင် ဖေါ်ပြသည်။
သူတို့အားယမန်နေ့က နတ်မြစ်ဝရှိ စိန်မာတင် (အုန်းကျွန်း) မှ ကီလိုမီတာပင်လယ်ပြင်တွင် ဖမ်းဆီးရမိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ကာမကင်းရာမှ အဆိုပါ မော်တော်ဘုတ်ကို တက်ရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ တက်ရောက် ရှာဖွေစဉ်လူပေါင်း ၂၂၀ ကို ဖမ်းဆီးမိကြောင်းစိန့်မာတင်ကျွန်း အခြေစိုက် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး MA Newaz ပြောကြောင်းသတင်းစာတွင် ဆက်လက် ဖေါ်ပြသည်။
သူတို့ကမလေးရှားသို့ တရားမ၀င် သွားရောက်ကြမည့်သူများ ဖြစ်ကြောင်း ၀န်ခံသည်ဟု MA Newaz က ဆက်ပြောသည်။
ရာသီ ဥတုဆိုးရွားမူကြောင့် ဖမ်းဆီးခံရသူများကို ယမန်နေ့က တက်ကနက်မြို့သို့ မယူဆောင် လာနိုင်ခဲ့ကြောင်း၊ ယနေ့တွင် တက်ကနက် ရဲလက်ထဲသို့ ဖမ်းဆီးခံရသူများကိုလွှဲပြောင်း ပေးမည် ဖြစ်ကြောင်း တက်ကနက်ရဲစခန်းမှူး မူဟာမတ် ဖါဟက် ( Mahammad Farhad) က ပြောသည်။
ဇူလိုင်လ ရက်နေ့ကလည်း မလေးရှားသို့သွားရန် စီစဉ်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၁၃ ဦးနှင့် ပွဲစား တစ်ဦးကို ဘင်္ဂလာဒေခ်ျ့နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သလို ဇူလိုင် ရက်နေ့ကလည်းပွဲစား () ဦးနှင့် အတူလူအများအပြားကို နယ်စပ် ဂိတ်တစ်ခုတွင် ဖမ်းမိခဲ့သည်ဟုဆိုသည်။
ယခင်က  မလေးရှား၊ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိ သွားကြသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကလည်း အနေအထိုင် အဆင်ပြေစေရန် အတွက် အလို့ဌာ သူတို့မှာ  မြန်မာနိုင်ငံရခိုင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မူကြောင်းထွက်ပြေးလာကြရသူ လူနည်းစု မူဆလင်များ (သူတို့ အခေါ် ရိုဟင်ဂျာများ)  ဖြစ်ကြောင်းလိမ်လည် ပြောဆိုကာ သက်ဆိုင်ရာ နိုင်ငံများနှင့် ယူအန် ( UN) အစောင့်အရှောက်ကို ရယူကြသည်ဟုသိရသည်။




ဒေါက်တာဆိတ်ဖွားအားရှာဖွေခြင်းသည် အမှောင်ထဲမှ ခဲနှင့် ထုသူသာဖြစ်နေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌကအဆိုတင်သွင်း
July 2, 2013
ပြည်ထောင်စုလွှတ်တော်တွင် ဒေါက်တာဆိတ်ဖွား၏ Above the Law ဆောင်းပါးပါ ဝေဖန်ချက်နှင့် ပတ်သက်၍ စုံစမ်း ရေးကော်မတီ၏အစီရင်ခံစာ၊ ပြည်ထောင်စုလွတ်တော်နာယက အစီရင်ခံစာနှင့် ပြည်ထောင်စုလွတ်တော်၌ တင်ပြဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက်ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါတိ တိကျကျဖော်ထုတ်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးတွင် ထပ်မံမပြုလုပ် ရန် သတိပေးမှုဖြင့်သာ အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ဒေါက်တာဆိတ် ဖွားဆိုသူနှင့် ပတ်သက်၍ စုံစမ်း ရေးကော်မရှင်ဥက္ကဋ္ဌဦးမြညိမ်းက စုံစမ်းရေးကော်မရှင်အနေနဲ့ ဒေါက်တာဆိတ်ဖွားပါ ဂျာနယ် များတွင် ပါဝင်ခဲ့သူများအားခေါ် ယူမေးမြန်းမှုများပြုလုပ်ခဲ့ပါတယ်။ဒေါက်တာဆိတ်ဖွားပါအမည်ဖြင့်ရေးသားသော ဆောင်းပါးကို လေ့လာရာတွင် နိုင်ငံတော် သမ္မတကြီးဟု အစချီ သုံးနှုန်း ထားပါတယ်။များသောအားဖြင့် ထောက်ပြဝေဖန်သူများသည် စကားလုံးသုံးစွဲမှုများတွင် သတိ ထားပြီး၊ ဆင်ခြင်သုံးစွဲမှုများတွင်သတိထားပြီး၊ ဆင်ခြင်သုံးစွဲလေ့ မရှိပါဘူး။စစ်အောင် Facebook နှင့်ပတ်သက်၍ တင်ပြလိုသည် မှာ ဦးရဲထွဋ် ခရီးတစ်ခုခုသွားသည်များရှိလာလျှင် စစ်အောင် ကလည်း ကချင်ပြည်နယ်သွား လိုက်ဦးမယ်၊ရခိုင်သွားလိုက်ဦး မယ်ဆိုတာ တွေ့ရှိရပါကြောင်း၊ အံ့သြစရာကောင်းသည်မှာ လွှတ်တော်မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးသည့်အခါ စစ်အောင် Facebook Account သည် ဖျက် သိမ်းသွားပါကြောင်း၊စစ်အောင် ဆိုက်တွင် တင်ထားသည့်ဓာတ်ပုံ နှင့် စပ်လျဉ်း၍ ဦးရဲထွဋ်၏ဥရောပခရီးစဉ်တွင် ရိုက်ကူးထား သောဓာတ်ပုံဖြစ်၍ ယင်းဓာတ်ပုံ ကို အလွယ်တကူရရှိရန် ခဲယဉ်းပါကြောင်း…”” စသည်ဖြင့် ကိုဝေဖြိုးက ကော်မရှင်သို့ ပြော ကြားခဲ့ကြောင်း သိရသည်။ထို့ပြင်““…ပိတောက်မြေ၀က်ဘ် ဆိုက်ကို ပိတ်လိုက်သောအချိန် တွင် Voice of Myanmar ၀က်ဘ် ဆိုက်တွင် ဆိတ်ဖွား၏ဖော်ပြ ချက်များပို၍တက်လာပါကြောင်း၊ စစ်အောင်ဝက်ဘ်ဆိုက်ပေါ်မှဓာတ်ပုံ နှင့်စပ်လျဉ်း၍ ဦးရဲထွဋ်က ငြင်း ဆိုပါကြောင်း၊ သို့သော်အွန်လိုင်း ပေါ်က ဓာတ်ပုံတစ်ပုံကို ထိုအတိုင်း ဆွဲယူသုံးထားသည်ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ စစ်အောင် ရေးသားထားသည့် ဆောင်းပါး များနှင့် ဦးရဲထွဋ်၏ ဆောင်းပါး များသည် အရေးအသားတူညီမှု ရှိပါကြောင်း…”” တို့ကို ကိုနေ ထွန်းနိုင်က အချက်အလက်များဖြင့် ရှင်းပြခဲ့ကြောင်း သိရသည်။
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး  ဦးရဲထွဋ်က၎င်းသည် ဒေါက်တာ ဆိတ်ဖွားမဟုတ်ကြောင်း ငြင်းဆို ခဲ့ပြီးဒေါက်တာဆိတ်ဖွားကလောင်ရှင် ရေးသားသည့် ဆောင်းပါးကို ပြန်ကြားရေးဝန်ကြီးဌာနက ရေး သားရန် ညွှန်ကြားချက်လုံးဝမရှိ ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ဦးခင်မောင်ညို(ဘောဂဗေဒ)က ၎င်း၏ ဂျာနယ်တွင်ဖော်ပြခဲ့သော ဒေါက်တာ ဆိတ်ဖွားဆောင်းပါးသည်အင်တာ နက်မှ တစ်ဆင့်၎င်း၏ကိုယ်ပိုင် မေးလ်ဖြင့် ပြန်လည်ရယူ အသုံး ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထည့်သွင်း ဖော်ပြခဲ့သောဆောင်းပါးနှင့် ပတ်သက်၍ မိမိတွင်သာ တာဝန်ရှိပါကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
ဒေါက်တာဆိတ်ဖွားဘလော့ကို ဒေါက်တာစိုးရင် အဆိုတင်မှ သိရှိရပါကြောင်း ဖြေကြားခဲ့သည် ဟု သိရသည်။ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုသည်ကို ဦးရဲ ထွဋ်ကိုသာ မေးကြည့်ပါဟုပြောခဲ့ရခြင်းမှာ ယခင်က သမ္မတရုံးနှင့် မီဒီယာအကြား၊ဆက်ဆံရေး အပိုင်း တာဝန်ယူခဲ့သော်လည်း ..၂၀၁၃ မှစ၍တရားဝင် ပြောရေးဆိုခွင့်ရှိသူမှာ ဦးရဲထွဋ် ဖြစ်၍ ညွှန်းဆိုခြင်း ဖြစ်ပါကြောင်း၊ စစ်အောင်ကို မိမိမသိပါ ကြောင်း၊သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု သိရသည်။
ပြည်ထောင်စုလွှတ်တော်သို့စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ ညိမ်း၏ တင်ပြချက်များအပေါ်ပြည်ထောင်စုလွှတ်တော်နာယက က ဆုံးဖြတ်ချက်ပေးခဲ့ခြင်းဖြစ် သည်။
လွှတ်တော်နာယက၏ဆုံး ဖြတ်ချက်အပိုဒ်()တွင် ကော်မရှင်၏ အစီရင်ခံစာပါ အချက် အလက်များကို လေ့လာခြင်းအားဖြင့် ဒေါက်တာဆိတ်ဖွား သည် ၀ါဒဖြန့်ချီရေးအုပ်စုတစ်စု ၀င် ပုဂ်္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း၊ယင်း၏ ရေးသားချက်မှာလည်း ဥပဒေအကိုးအကားနှင့်လွှတ်တော် ၏လုပ်ငန်းများကို တည့်မတ်ပေး လိုသောစေတနာမှန်ဖြင့် ဝေဖန် ထောက်ပြပေးခြင်းမျိုးမဟုတ်ဘဲ အဂတိတရား တစ်ပါးပါးကို     အဓိပတိထား၍စိတ်လိုက်မာန်ပါ ရေးသားပုတ်ခတ်ခြင်းသာဖြစ် ကြောင်း ပေါ်လွင်ပါသည်။
အပိုဒ်() မူလက ဒေါက် တာဆိတ်ဖွားဆိုသူကို ဖော်ထုတ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ဓလေ့ထုံးတမ်းများနှင့် စနစ်တကျ ရှင်းပြ ရန်နာယကက ရည်သန်ခဲ့သော် လည်း ဒေါက်တာဆိတ်ဖွားဆိုသူ သည် မိမိရေးသားချက်၏အမှန် တရားကို တာဝန်ယူ၍ရင်ဆိုင် ဖြေရှင်းရဲသူမဟုတ်သည့်အပြင်လွှတ်တော်မှာ လာရောက်ဖြေ ကြားသူတစ်ဦး၏ အသုံးအနှုန်း အရ ဆိုရပါက အမှောင်ထဲမှခဲနှင့် ထုသူသာ ဖြစ်နေသောကြောင့် လွှတ်တော်ကပြန်လည်ရှင်းလင်း ပြရန် လိုအပ်ခြင်း မရှိကြောင်းတွေ့ရှိရသည်ဟု မှတ်ချက်ပေး ထားသည်။
ထို့ပြင်ဒေါက်တာဆိတ်ဖွား ဆိုက်တွင် ၂၀..၂၀၁၃တွင် တင်ထားသောတောင်းပန်ခြင်းကို လက်ခံသော်လည်း စာနယ်ဇင်း သမားဟူသည် အမှန်ကို အမှန် အတိုင်းရေးရမည်၊ ရေးရဲသည်ကိုလည်း အထောက်အထားခိုင်ခိုင် လုံလုံဖြင့် မှန်ကန်ကြောင်းတာဝန် ယူရမည်ဖြစ်၍ နောက်နောင် တွင် ဤကဲ့သို့ လုံးဝမပြုရန်ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် သတိပေးလိုက်သည် ဟု ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုးဝင်းနိုင်
အမျိုးစောင့်ဥပဒေအပေါ်ပြင်သစ်သာသနာပြုဆရာတော်၏ အမြင်
July 2, 2013
ဇွန်လ()ရက်တွင် ပြင်သစ် နိုင်ငံပါရီမြို့ရှိ ထေရ၀ါဒဗုဒ္ဓ သာသနာပြု-မြန်မာကျောင်း တော်ကြီး၏ ပဓာနနာယကဆရာ တော်သာသနဓဇဓမ္မာစရိယ၊ မဟာ ကမ္မဋ္ဌာနစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တနန္ဒသီရိအား တွေ့ဆုံဖူးမြော်၍ အများပြည်သူ စိတ်ဝင်စားလျက် ရှိသော အမျိုးစောင့်ဥပဒေအပေါ် ဆရာတော်၏ သဘောထားအမြင်ကို Hot News  ကလျှောက် ထားခဲ့ပါသည်။
““ဘုန်းဘုန်းကတော့အမျိုး စောင့်တာကို လုပ်သင့်လုပ်ထိုက် တယ်လို့မြင်ပါတယ်၊ ဘာကြောင့် လဲဆိုတော့ ခေတ်အဆက် ဆက်မှာ မြန်မာပြည်ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ရဟန်း တော်တွေက စောင့်ရှောက်ထိန်းသိမ်းခဲ့တာကွယ့်၊ ဗိုလ်ချုပ်အောင် ဆန်းလက်ထက်အပါအ၀င် ဟိုး အင်္ဂလိပ်ခေတ်က သခင်ကြီးတွေခေတ်အပါအ၀င် ဆရာတော်တွေ က အမျိုးသားရေးစိတ်ဓာတ် အတွက် ဆရာတော်ကြီးတွေကရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့ ကြတယ်။ အမျိုးဘာသာနဲ့ပတ် သက်ရင်ဆရာတော်တွေက အပြည့်အ၀ဦးဆောင်လုပ်ခဲ့ကြတာ ပဲ။ ဟိုးတုန်းက ချမ်းမြေ့ဆရာတော်ကြီးရဲ့ လွန်ခဲ့တဲ့အနှစ်(၂၀) လောက်ကဟောတဲ့တရားကို နာဖူးတယ်၊ချမ်းမြေ့ဆရာတော် ကြီးကိုယ်တိုင် သံဃာတော်တွေ ဟာ မျိုးချစ်စိတ်ဓာတ်နဲ့ပတ်သက် ပြီး တကယ်အလုပ်လုပ်ကြတယ်၊သူဟောခဲ့တာ ဟိုတုန်းကဟန်ဇား ပိတ်ဆိုတာ ပါးပါးလေးပေါ့၊ အဲဒီ ပိတ်ကိုဝတ်တဲ့ အမျိုးသမီးတွေဆိုသံဃာတွေက နောက်ကနေ လိုက်ပြီး ဆွဲပစ်တယ်။ အမျိုး ပျောက်မှာစိုးလို့၊ ယဉ်ကျေးမှုပျောက်မှာစိုးလို့ပေါ့။ အဲဒီ အကြောင်းကို ချမ်းမြေ့ဆရာတော်ကြီးက ထည့်ဟောထား တယ်။ ဒါဟာ အမျိုးစောင့်ထိန်းတာပဲ။ ကိုယ့်လူမျိုးမှာ ဒီလိုဝတ် တာမရှိကြဘူးလေ””ဟု ဆရာ တော်ကြီးကမိန့်ကြားခဲ့ပါသည်။
““အမျိုးစောင့်ဥပဒေရှိသင့်တယ်လို့ ဘုန်းဘုန်းက တိတိကျ ကျ မထောက်ခံပါဘူး။ဒီလိုလုပ် ငန်းတွေကိုတော့ ပြည့်ပြည့်၀၀ကို လုပ်သင့်တယ်လို့ ထောက်ခံ တယ်။ ဥပဒေကြီးရှိရှိမရှိရှိ၊ဥပဒေ ကြီးတစ်ရပ်ရှိမှကိုမဟုတ်ဘူး။ ဒီ အတိုင်းပဲလုပ်နေရင်ရတယ်။ ဥပဒေကြီးတစ်ရပ်ဆိုတာ နိုင်ငံတော်အနေနဲ့လုပ်ရတာ အင်မ တန်ခက်ခဲပါတယ်။ အခွင့်အခါသင့်ရင် ဘုန်းဘုန်းအနေနဲ့ တစ်ကိုယ်ရေတစ်ကာယလုပ်သွား လို့လည်းရတယ်။ အထူးသဖြင့် ရဟန်းသံဃာတွေပေါ့လေ။ တစ် ကိုယ်ရေတကာယအမျိုးစောင့် ဥပဒေလုပ်သွားရင်ကိုပဲ တော် တော်ခရီးရောက်တယ်။ဒီဥပဒေ ကြီးပေါ်ပေါက်မှ အမျိုးစောင့် စိတ်ဓာတ်ဖြစ်ရမယ်ဆိုတာတော့ မဟုတ်သေးဘူးလေ။ ဒါပေမဲ့လို့ မိမိရဲ့ အသိတရားနဲ့ ဆရာတော်တွေကလည်းကိုယ်စီ၊ လူတွေက လည်းကိုယ်စီ၊ အဓိကကတော့ဆရာတော်တွေပေါ့လေ၊ သက် ဆိုင်ရာဒကာ၊ ဒကာမတွေအထူး သဖြင့် ကျော်ကြားတဲ့လူအများ စည်းရုံးနိုင်တဲ့ဓမ္မကထိက ဆရာ တော်ကြီးတွေပေါ့လေ။ သူတို့ရဲ့တရားပွဲတွေမှာ ထည့်ပြောသွား မယ်။ စာရေးကျွမ်းကျင်တဲ့ ဆရာတော်တွေကလည်း စာနဲ့ရေးသွား မယ်ဆိုရင် အလိုလိုပြီးပါတယ်။ ဟိုလိုဥပဒေနဲ့ဆိုတာ ခက်ခဲတယ် လေ။ ဒါကိုတော့ ဘုန်းဘုန်းကအဲဒီလောက်အထိတော့ စိတ် မ၀င်စားပါဘူး။ အဲဒီလောက်ကြီးလုပ်ပြန်တော့လည်း နိုင်ငံတော် လည်းပဲ အဘက်ဘက်က စဉ်းစားရသေးတာကိုး၊ တရားဝင်ကြီး လုပ်ရမှာကိုလေ။ အစိုးရလုပ်မှ စရမှာမဟုတ်ဘူး။ ဒီအတိုင်း ကိုယ့်ဟာကိုယ် အခုဘုန်းဘုန်းနဲ့ တစ်ယောက်ကိုတွေ့မယ်။ ဘုန်း ဘုန်းနှမလေးတွေ၊ ရဟန်းအစ်မသမီးလေးတွေ စသည်အားဖြင့် ပြောပြမယ်။ သဘောပြောတာ ပေါ့၊ အဲဒီလိုဆိုရင်လုံပါတယ်။ အဲဒီလိုကိုရှိနေရမယ်””ဟု ဆရာတော်ကြီးက ထပ်မံမိန့်ကြား သည်။
““တချို့တချို့ငြင်းသလို ပဲ။ လူ့အခွင့်အရေးနဲ့ အမျိုးစောင့်ဥပဒေနဲ့မဆိုင်ဘူး။ ဒါက ဘာသာရေး၊ လူ့အခွင့်အရေးကလူ့အခွင့်အရေးပဲ။ ဘာသာရေးနဲ့ လူ့အခွင့်အရေးနဲ့လည်းမဆိုင်ဘူး။ တကယ်တမ်းတွေးကြည့်ရင် မဆိုင်ဘူး။ ဆိုင်တယ်လို့ထင်နေ တာ။ ကိုယ့်လူမျိုးကိုယ့်ဘာသာ၊ ကိုယ့်ဟာကိုယ်လုံခြုံအောင် ထိန်း သိမ်းရမှာပဲ။ကိုယ့်အိမ်ဝိုင်း၊ ကိုယ့် အိမ်ရာသန့်ရှင်းအောင် တည်တံ့ ခိုင်မြဲအောင်မည်သူမဆို လုပ် ရမှာပဲ။ ဒါကိုသွားပြီးတော့လူ့ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ လုံးဝမဆိုင်ဘူး။ ရောရောနေလို့ အဆင်မပြေတာ၊ လူ့အခွင့်အရေး ဆိုတာ လူတစ်ယောက်ရဲ့အခွင့် အရေး၊အမျိုးစောင့်ဥပဒေဆိုတာ လည်းပဲ လူတစ်ယောက်ရဲ့အခွင့် အရေးလားဆိုတော့ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မိမိသည် ဒီဘာသာဖြစ်တဲ့အတွက်ဒီဘာ သာရဲ့ထုံးတမ်းအစဉ်အလာကို လေ့လာလိုက်စားရမယ်။ လေး စားရမယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဗုဒ်္ဓဘာသာရဲ့ ထုံး တမ်းစဉ်လာကို လေးစားလိုက်နာရမယ်။ အစ်္စလာမ်ဘာသာဝင် တစ်ယောက်သည် အစ္စလာမ် ဘာသာရဲ့ထုံးတမ်းစဉ်လာကို လေးစားလိုက်နာရမယ်။ သူ့ဘာသာနဲ့သူ လေးစားလိုက်နာတာ၊ ဒီဘက်က လူ့အခွင့်အရေးက လူ့အခွင့်အရေးပဲ။ကိုယ့်ကို မဟုတ်တာလုပ်ပြီး နှိပ်စက်ရင်၊ ကိုယ်သွားမယ့်လမ်းမသွားရရင် ဒါမျိုးကို လူ့အခွင့်အရေးလို့ခေါ် တာ၊ ရောနေတာ၊ အမှန်ကမဆိုင်ဘူး၊ ရောနေလို့ကို တချို့ ပုဂိ္ဂုလ်တွေ ကန့်ကွက်ပါတယ်လို့ဖြစ်ကုန်ကြတာ။ ဘာသာရေးက ဘာသာရေးပဲ။
““ဥပမာဘုန်းဘုန်းပြင်သစ် မှာနေတယ်။ သူ့ဘာသာကက် သလစ်ခရစ်ယာန်၊ သူ့ဘာသာ သူ့စည်းကမ်း၊ သူ့ဥပဒေနဲ့နေရတာ၊ အဲဒီလိုမနေရင် ကတ်ကို ထုတ်မပေးဘူး။ အဲဒီလိုရှိတယ်။ဘာသာရေးနဲ့လူ့အခွင့်အရေး ရောထွေးနေလို့သာ Complicate ရှုပ်နေတာ၊ လူ့ အခွင့်အရေးကတစ်မျိုး၊ ဘာသာ ရေးသမားကတစ်မျိုးဖြစ်နေတာ၊တစ်သီးတစ်သန့်စီနားလည်ရင် ဘာမှမဖြစ်ဘူး။ မည်သည့်ဘာ သာမဆို ခရစ်ယာန်လည်းခရစ် ယာန်ဆိုလို့သူ့ဘာသာနဲ့သူ အကုန်လုံးသူ့အခွင့်အရေးနဲ့သူ ဘာသာရေးနဲ့ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုတာ ဘာသာ ရေးရဲ့အခွင့်အရေးလေ။ ဗုဒ္ဓဘာသာပါဆိုမှ ဟိုတစ်ဖက်ကိုသွား ပြီးတော့ တစ်ဖက်ဘာသာကို ညွတ်သွားမယ်ဆိုရင်တော့ မဟုတ် ဘူးပေါ့။ ဘာသာပိုင်းအရပြောရဆိုရမှာပဲလေ။ ဒါပေမဲ့လို့ သူ ညွတ်သွားတာကို မညွတ်ပါနဲ့လို့တော့ ဗုဒ္ဓဘာသာမှာ ကန့်ကွက် ခွင့်မရှိဘူး။ အခြားဘာသာ ကန့် ကွက်တာ သူ့နည်းနဲ့သူကန့်ကွက်  ပေါ့။တို့ဗုဒ္ဓဘာသာထုံးစံအရ တော့ ညွတ်သွားတာကို မညွတ်ပါနဲ့လို့ ကန့်ကွက်လို့တော့မရဘူး။ ဒါဘာသာတရားအရ ဒီလိုမ၀င် ရဘူးလို့ မဟောဘူး။ အဲဒီလိုလုပ် လိုက်ရင်တော့ ဟိုဘက်ဘာသာ ဆိုရင် ဒီဘာသာမဟုတ်တော့ဘူး။ ဒါပဲရှိတာပေါ့။
““မညွတ်ခင်ကိုမညွတ် အောင်၊ သစ်သီးတစ်လုံးကြွေကျ ပြီးမှတော့အညှာကိုပြန်တပ်လို့ မရဘူး။ မကြွေကျခင်က ကြိုးကလေးဘာလေးနဲ့ သိုင်းပေးမယ်။ အထုပ်လေးနဲ့ ပလတ်စတစ် ကလေးနဲ့ထိန်းမယ်ဆိုရင် ခိုင်သွား မှာပေါ့။ ပြီးတော့ အခြားဘာသာ ကို မပြောင်းသင့်ဘူး။ မပြောင်းရဘူးလို့ ဥပဒေလည်းမပြဋ္ဌာန်း သင့်ဘူး။ ဒါဘုန်းဘုန်းအမြင်ပါ”” ဟု ဆက်လက်မိန့်ကြားခဲ့ပါသည်။
ပြင်သစ်သာသနာပြုဆရာတော်သည် ပြင်သစ်နိုင်ငံ ပါရီ မြို့သို့ ၁၉၉၇ခုနှစ် ဖေဖော်ဝါရီ (၁၄)ရက်တွင် စတင်ရောက်ရှိပြီးထေရ၀ါဒသာသနာတော်ထွန်း ကားပြန့်ပွားရေးအတွက် အား သွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပြီး မြန်မာနိုင်ငံပြည်သူ/ပြည်သားများနှင့်နိုင်ငံရပ်ခြားစေတနာရှင်များ၏လှူဒါန်းမှုဖြင့် ထေရ၀ါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီးတွင် သီတင်းသုံး သာသနာပြုလျက်ရှိကြောင်း သိရှိရသည်။
မိုးမြင့်ဆွေ

အထူးလက်ထပ်ခြင်းနှင့်အမွေဆက်ခံပိုင်ခွင့်အက်ဥပဒေအပေါ်NDF ပါတီ၏ သဘောထား
July 3, 2013
အမျိုးသားဒီမိုကရေစီအင် အားစုပါတီ (NDF) အနေဖြင့် ၁၉၅၄-ခု ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးလက်ထပ် ထိမ်းမြား ခြင်းနှင့် အမွေဆက်ခံပိုင်ခွင့်အက် ဥပဒေအရ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ဘောင် အတွင်းမှ ဗုဒ္ဓဘာသာဝင်မြန်မာ တိုင်းရင်းသူ အမျိုးသမီးများအား အခြားဘာသာများနည်းတူ လက် ထပ်ထိမ်းမြားခြင်းတွင်ဥပဒေအရ အကာအကွယ် ရှိသင့်သည်ဟု သဘောရကြောင်းနှင့် အခြား ဘာသာ၊ သာသနာများဖြစ်ကြကုန်သော ခရစ်ယာန်လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် အစ္စလာမ် တရားဥပဒေ (အိမ်ထောင်ခန်း)များမှာကဲ့သို့ မြန်မာ တိုင်းရင်းသူ  ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည်လည်းအဆိုပါ အခွင့်အရေးများကို ရရှိအပ် ကြောင်း၊ ထို့ကြောင့်အခြား ဘာသာ၊သာသနာတို့၏လူမှုအခွင့် အရေးကိုးကွယ်မှုဆိုင်ရာ အခွင့် အရေးနှင့်ကောင်းကျိုးတို့ကိုမထိ ပါးစေဘဲ ထိမ်းမြားခြင်း ဆိုင်ရာဥပဒေတွင်အကာအကွယ်ရှိအပ် သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီကယူဆကြောင်း သိရှိရသည်။ သို့ဖြစ်ရာ (၁၉၅၄) ခုနှစ်မြန်မာဗုဒ်္ဓဘာသာမိန်းကလေး များအထူး လက်ထပ်ထိမ်းမြား ခြင်းနှင့်အမွေဆက်ခံပိုင်ခွင့်ဥပဒေကို လက်ရှိအချိန်ကာလနှင့်လိုက် လျောညီထွေဖြစ်စေရန် ပြင်ဆင် ရေးဆွဲ၍ ပြဋ္ဌာန်းသင့်သည်ဟုသဘောထားရှိနေကြောင်း အမျိုး သားဒီမိုကရေစီအင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့မှသတင်း ရရှိပါသည်။
SYN

သမ္မတ ဦးသိန်းစိန် တပ်မတော် အပေါ် အာဏာ လေးနက်မှုမရှိသေး
သန်းထိုက်ဦး| July 2, 2013 | Hits:4,653
သမ္မတ ဦးသိန်းစိန် အနေနှင့် တပ်မတော်ကို ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာ လေးနက်မှုမရှိသေးကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့က ပြောသည်။
ဦးသိန်းစိန်သည်ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲများစွာတို့ကို ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဇွန် လ၂၉ ရက်နေ့ကRCSS/SSA အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဖိတ်ကြားချက်အရ နေပြည်တော် တွင် ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့ ဥက္ကဌယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်တို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုအခြေ အနေတို့ကိုယင်းအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သမ္မတသည်ခိုင်မာသည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်မည်ကို စိုးရိမ်ပူပန်နေပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေသည်။ သို့သော် တပ်မတော်အပေါ် ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာလေးနက်မှု မရှိသေးပေ။ ခေါင်းဆောင် ပိုင်းများတွင် ပြောင်းလဲလိုသူများရှိသကဲ့သို့ မပြောင်းလဲလိုသူများလည်း ရှိသည်ဟု RCSS/SSAအဖွဲ့၏ထုတ်ပြန်ချက်တွင် ပါရှိ  သည်။
မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးဦးနိုင်ဟံသာကလည်းအဲဒီအတိုင်းပဲ ကျနော်တို့လည်း မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဥပမာ ကချင်ကို တိုက်နေတဲ့ကိစ္စမှာ သမ္မတ ဦးသိန်းစိန်ကနေပြီးတော့မှ စာရေးတယ် ပြောတယ်၊အဲဒါကို တပ်ဘက်က နားမထောင်ဘူး၊ အဲဒါတွေကိုပြန်ကြည့်ရင်တော့ တပ်က သူလိုချင်တဲ့ ပုံစံကိုသူ့ဟာနဲ့သူ လုပ်နေတယ်၊ တပ်အပေါ် မှာ အစိုးရအနေနဲ့သြဇာ မလွှမ်းနိုင်ဘူးလို့ မြင်နိုင်တယ်ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်ဘက်မှ စိတ်ချ ယုံကြည်မှု ရရှိရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
RCSS/SSA ဥက္ကဌဦးဆောင်သည့် ကိုယ်စားလှယ်များကို ဇွန်လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို အထောက်အကူပြု ပံ့ပိုးပေးနိုင်မည့် ယုံကြည်မှု တည်ဆောက်ခြင်းတို့ကို တိုးမြှင့်နိုင်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် ကရေဒီယို မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောကမူ သမ္မတ ဦးသိန်းစိန် အာဏာမရှိခြင်းဆိုတာထက် ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆိုသည်။
စစ်တပ်၊လွှတ်တော်၊ နိုင်ငံရေး စသည့် အုပ်ချုပ်ရေး အပိုင်းတွင်ခေါင်းဆောင် ဦးတို့ကို အာဏာခွဲဝေ ပေးထားကြောင်းလည်း ဦးအောင်ကျော်ဇောက ဆက်ပြောသည်။
ဖွဲ့ စလုံးကို အာဏာခွဲဝေပေးထားတဲ့အတွက် အဲဒီအထဲမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့အာဏာဘယ်သူ့လက်ထဲမှာမှမရှိဘူး ဖြစ် နေတယ်။ လောလောဆယ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တပ်ကပဲ အဓိက အာဏာရှိတာ၊စစ်တပ်ကို ဦးသိန်းစိန် ထွက်ပြော လဲ တပ်ကဘာမှ ဖြစ်မှာမဟုတ်ဘူး၊ ဒါ စာဖတ်သူရဲ့ (ဦးသန်းရွှေ) လက်ချက်တွေပဲဟု ၎င်းက ဆိုသည်။
ဦးအောင်ကျော်ဇောက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန် တို့ကလာမည့် ၂၀၁၅ အထိ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန်  စီစဉ်ထားသည်ဟု လည်း ဆိုသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့အနေနှင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလကအစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက် သဘောတူညီချက် တချို့ကိုအကောင်အထည် ဖော်ဆောင်ရန် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။
မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေး၊ လက်မှတ် ရေးထိုးထားပြီးနောက် တိုက်ပွဲများထပ်မံ ဖြစ်ပေါ်နေသည့် အကြောင်းအရင်းများ အား ပြန်လည် သုံးသပ်ပေးရေး၊အစိုးရက လုပ်ကိုင်ခွင့်ပြုထားသည့် စိုက်ပျိုးမြေ ဧက ၅၀၀၀နှင့် ပတ်သက်၍တရားဝင် လွတ်လပ်စွာ စိုက်ပျိုး လုပ်ဆောင်သွားရေးအတွက် ပြန်လည်သုံးသပ်ပေးရေးနှင့် ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကော်မတီ အမြန်ဆုံး ဖွဲ့စည်းပေးရေးအပါအ၀င် အချက် ချက်တို့ကို ဆွေးနွေးခဲ့သည်။
အဆိုပါအချက်များအထဲမှ စိုက်ပျိုးမြေ ဧက ၅၀၀၀ ကိစ္စကိုသမ္မတထံတွင် ပြန်လည် တင်ပြ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းရန် နှစ်ဖက်ကိုယ်စားလှယ်များ ရွေးချယ်ပြီး အမြန်ဖွဲ့စည်းရေးနှင့် ပြည်ပ သို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် ရှမ်း တိုင်းရင်းသားများနှင့် RCSS/SSA တပ်ဖွဲ့ဝင်တို့ကို မှတ်ပုံတင် ပြုလုပ်ပေးရန် အချက် ချက်ကိုသာသဘောတူညီမှု ရရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့်ယခုအချိန်တွင် မည်သည့်ဘက်မှ ဘက်လိုက်ခြင်း မရှိကြောင်း၊ အင်အားသုံး၍ ပြဿနာကို ဖြေရှင်းလို ကြောင်း တွေ့မြင်ရသည်ဟု RCSS/SSA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၁၂ ခုနှစ် မေလ ၁၉ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ ပြည်ထောင်စုအဆင့် နောက်ဆုံးတွေ့ ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ၁၂ ချက်ကို အစိုးရဘက်မှဗိုလ်ချုပ်ကြီး စိုးဝင်း၊ ၀န်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှဒု ဗိုလ်ချုပ် ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ်ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အစိုးရနှင့်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးထားသောကရင် အမျိုးသား အစည်းအရုံး(KNU) အနေနှင့်လည်း အပစ် အခတ် ရပ်စဲရေးဆိုင်ရာကျင့်ဝတ် စည်းကမ်းများ(Code of Conduct)ကို အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက် လုပ်ပြုလုပ်နေရကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော်အမတ်များကို လွှတ်တော်ဥက္ကဋ္ဌ သတိပေး
လွှတ်တော်တွင်းဥပဒေကြမ်းတစ်ခုကို အတည်ပြုဆွေးနွေးရာတွင် သဘောတူပါက တူကြောင်းဖြေကြားရန် လိုအပ်ပြီး ထိုသို့ဖြေကြားခြင်းမရှိပါက လွှတ်တော်ပြင်ပသို့ထွက်ရန် အမိန့်ချနိုင်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ရည်ညွှန်း၍ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန်လ ရက်တွင်သတိပေးပြောဆို လိုက်သည်။
ဆက်သွယ်ရေးဥပဒေကြမ်း၏အခန်း ၃၊ အပိုဒ် ကို ဖတ်ကြားပြီးချိန်တွင် သဘောတူညီ၊ မတူညီ မေးမြန်း သည့်ငါးကြိမ်မြောက် မေးခွန်းအပြီး ''တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေသဘောတူရင်တူ တယ် ပြောပါ'' ဟုသတိပေးခဲ့သည်။
အပိုဒ်၈၉ ပိုဒ် ပါရှိသည့် ဥပဒေကြမ်းကိုတစ်ပိုဒ်ချင်းစီဖတ်၍ ကိုယ်စားလှယ်များ၏ သဘောာထားရယူအပြီးနောက် ထပ်မံ၍ အကျယ်တဝင့်ဖြည့်စွက်ပြောဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းသည့်အခါ ဖြေကြား ရန်တာဝန်ရှိပြီး သဘောထားများဖြေကြား ရန် အကြိမ်ကြိမ်သတိပေးခဲ့သည်ဟုလည်း ဦးခင်အောင်မြင့်က ဆိုသည်။
''တီဗွီမှတ်တမ်းတွေလည်းရှိတဲ့အတွက် ဘယ်သူဖြေတယ်၊ ဘယ်သူမဖြေဘူးဆိုတာ သိပါတယ်။ ဒါကြောင့် အကြိမ်ကြိမ်သတိ ပေးခဲ့တာဖြစ်တဲ့အတွက် နောက်နောင်ကို သဘောတူ၊ မတူ ဖြေပါဆိုရင်အားလုံးဖြေရ မှာဖြစ်ပါတယ်''ဟု ပြောသည်။
ယင်းအပြင်အုပ်စုဖွဲ့ကာ တုံ့ပြန်မှုမပြု လုပ်ပါက ထိုအုပ်စုကို လွှတ်တော်၏ဆွေးနွေးပွဲတွင် မပါဝင်ရန် အမိန့်ချဖြေရှင်းနိုင်သည်ဟု ဆိုသည်။
''ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအတည်ပြု တဲ့အခါမှာ သဘောတူရင်တူကြောင်းပြောဖို့၊ သဘောမတူရင် မတူကြောင်းပြောဖို့ ဥက္ကဋ္ဌ က မေးတဲ့အခါဖြေဖို့တာဝန်ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ စောင်းပါးရိပ်ချည်နဲ့အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ။ ဒါဟာလည်း သိလို့ပါ။ အဲ့ဒီတော့ အုပ်စုလိုက်ဖြွဲ့ပီးတော့ ဘာမှမဖြေ ဘူးဆိုရင် ဥက္ကဋ္ဌက အဲဒီအုပ်စုတစ်ခုလုံးလုံး ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပထွက်စေလို့ အမိန့်ချလို့ရတယ်'' ဟု ဦးခင်အောင်မြင့် ကပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတိုက်ရိုက်ခန့်အပ်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းမှာလွှတ်တော်အတွင်း နားထောင်ရုံနှင့် လေ့လာရုံသက်သက်သာရှိသည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။
ယင်းအပြင်တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို စိတ်ဝင်စားမှုမရှိဘဲဖြစ် နေသည်ဟုလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောသည်။
''သဘောတူပါသလားဆိုတူတယ် မတူ ဘူးဆိုတာ ဖြေကြရတယ်။အဲတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက မင်းသိတဲ့ အတိုင်းပဲ။ အကုန်လုံးက ဘာတွေမှန်းတော့ မသိဘူး။ သူတို့က အရေးတကြီးကုန်းမှတ်နေကြတာ၊ သဘောတူပါတယ်လို့ပြောတဲ့ အသံက သူတို့ဘက်က သိပ်မထွက်ဘူးဖြစ်နေတယ်'' ဟု ပြောသည်။
မင်းမင်း

အိန္ဒိယရောက်မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို အစိုးရသွားရောက် ခေါ်ယူမည်
မြတ်စုမွန်| July 4, 2013 | Hits:2,543
ရေပိုင်နက်ကျော်လွန်မှုကြောင့် အိန္ဒိယနိုင်ငံ ပို့ဘလဲ (Port Blair) ကျွန်း ရေတပ်စခန်း ဌာနချုပ်တွင်ဖမ်းဆီးခံပြီးနောက် လွတ်မြောက် လာသူများနှင့် မဟာစင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယဘက်သို့ ရေမျောကမ်းတင် ရောက်ရှိသွားခဲ့သည့် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို လေယာဉ်ဖြင့်အခမဲ့ သွားရောက်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယရေပိုင်နက်ထဲမှာ ပင်လယ်မျှော့ ခိုးငုပ်တဲ့သူတွေက သူတို့နိုင်ငံရဲ့ ရေပိုင်နက် ဥပဒေအရ အဖမ်းခံရပြီး အခုလွတ်လာတော့သူတို့ကို Open Camp မှာ ထားတယ်။ အိန္ဒိယကပဲကျွေးထားတယ်။ မဟာစင်ကြောင့် ရေဘေးဒုက္ခရောက်တာက ယောက်ပဲ ပါတယ်။စုစုပေါင်း ၁၁၉ ယောက်ပါဟုနိုင်ငံခြားရေးဝန်ကြီးဌာန၊ကောင်စစ်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဦးက ဧရာဝတီသို့ ပြောသည်။
အိန္ဒိယရေပိုင်နက် ဥပဒေဖြင့် အဖမ်းခံထားရသူများ၏ မြန်မာနိုင်ငံသားဖြစ်မှုကို ကာလကတ္တားနှင့် နယူးဒေလီမှ မြန်မာနိုင်ငံခြားရေး ၀န်ထမ်းများက သွားရောက်စစ်ဆေး အတည်ပြုခဲ့ကြောင်း သူက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ၏ရေပိုင်နက် ဥပဒေအရ ပိုင်နက် ကျူးကျော်လာသူများကိုထောင်ဒဏ် နှစ် ချမှတ်နိုင်ကြောင်းသိရသည်။
ဒီကနေလူမှုဝန်ထမ်း ကယ်ဆယ်ရေး၊ ကျန်းမာရေးနဲ့ လ၀က က ၀န်ထမ်းစုစုပေါင်း ယောက်လိုက်သွားပြီး အဲဒီလူတွေအတွက်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်။ အများစုက ဧရာဝတီတိုင်းက ဖြစ်တယ်။ အစည်းအဝေးမှာတော့ သူတို့ကို တိုင်းဒေသကြီးတွေအရောက် ကားတွေနဲ့ ပို့ပေးဖို့ ပြောထားတယ်ဟု ဦးစိန်ဦးက ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပူးပေါင်းလုပ်ဆောင်မည့် ယင်းအစီအစဉ်အတွက် အခမဲ့လေယာဉ်ကို ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း က ပံ့ပိုးပြီး MAI လေကြောင်းလိုင်းကိုအသုံးပြုမည်ဖြစ်ကြောင်းMAI လေကြောင်းလိုင်းမှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာထံမှ သိရသည်။
MAI လေကြောင်းလိုင်းကအဓိကရုဏ်းများကြောင့် မလေးရှားနိုင်ငံမှ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများအတွက် အခမဲ့ လေယာဉ်တစီးစာ လှူဒါန်းခဲ့ဖူးသည်။
ရာသီဥတုကြောင့်ဖြစ်စေ၊တခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ရေပိုင်နက် ကျော်လွန်မှုကြောင့်အိမ်နီးချင်းနိုင်ငံများသို့မြန်မာနိုင်ငံသားများ ရောက်ရှိမှု မကြာခဏ ဖြစ်လေ့ရှိကြောင်း၊ ၎င်းတို့အားပြန်လည် ကယ်ဆယ်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတွင်နှစ်စဉ် ဘတ်ဂျက် သတ်မှတ်ထားကြောင်း သိရသည်။

သူရ ဦးရွှေမန်း၊ ငြိမ်းချမ်းရေး တည်ဆောက်မယ့်သူလား၊ နှောင့်နှေးအောင် လုပ်မယ့်သူလား

လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေရာမှာ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု ပြီးဆုံးလုနီးပါပြီ။ သူတို့အနေနဲ့ မကြာခင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပြီး၊ အဲဒါနဲ့ တပြိုင်နက်တည်း တတိုင်းပြည်လုံးအတိုင်းအတာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ် ရပ်စဲတဲ့ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
အဲဒီပွဲကိုနိုင်ငံတကာအပါအ၀င် ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်အသီးသီး ရှေ့မှောက်မှာ ကျင်းပပြီး အသိသက်သေပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားလို့ ရပါပြီ။ ဒီလို မင်္ဂလာရှိတဲ့သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ နောင် သမ္မတ အဖြစ်မိမိကိုယ်ကို မျှော်မှန်းထားတဲ့၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းကအစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည် ဖော်နေမှုအပေါ် ဝေဖန်မှု ပြုလိုက်ပါတယ်။ ဒါတင်မကကာ-လုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပပေးဖို့လည်း သမ္မတကို တောင်းဆိုတာ လုပ်ခဲ့ပါတယ်။သူရ ဦးရွှေမန်း ဒီလို ဘာလို့ လုပ်တာပါလဲ၊သူဟာ ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် သူလား၊ နှောင့်နှေးအောင် လုပ်လာနိုင်သူလားဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်နေတာတွေဟာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပုံစံပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊ လုပ်ငန်းကော်မတီ စတာတွေကို အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်က တာဝန်ပေးထားသူတွေ၊အရပ်သား ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားပါတယ်။ ငြိမ်းချမ်းရေးစင်တာဆိုတာ တည်ဆောက်ပြီး နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေကိုလည်းငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်မှုမှာ ပါဝင်စေပါတယ်။ နော်ဝေ၊ ကုလသမဂ္ဂ၊ ဂျပန်၊ဗြိတိန်၊ ဩစတြေးလျ အပါအ၀င် နိုင်ငံတချို့ရဲ့ ငွေကြေးနဲ့နည်းပညာ အထောက်အပံ့ ရယူပြီး နိုင်ငံတကာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း လေ့လာပါတယ်။ ဒီအတွက်လည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ များပြားလှတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ အချိန်တိုအတွင်း ခရီးရောက်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။
အခြားတဖက်မှာလည်းလက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ပုံစံဟာ အရင် အစိုးရအဆက်ဆက်ကနဲ့ ပုံစံမတူဘဲ တကယ့်ကို တိုင်းပြည်မှာ ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်နေတာပဲ ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ယုံကြည်မှုကိုလည်း ရနေတာ တွေ့ရပါတယ်။ တိုင်းရင်းသားအဖွဲ့တွေဟာအရင်ခေတ်တုန်းက လုပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကာလတုန်းကလို နိုင်ငံရေး မလုပ်ရ၊ ဟိုအဖွဲ့နဲ့ မဆက်ဆံရ၊ဒီအဖွဲ့နဲ့ မဆက်သွယ်ရ စတာတွေ ကန့်သတ်မခံရသလို ကိုယ့်တိုင်းရင်းသားပြည်သူတွေနဲ့ လွတ်လွတ်လပ်လပ် ထိတွေ့ဆက်ဆံ အကြံဥာဏ်ရယူ နိုင်ကြတာလည်း တွေ့ရပါတယ်။ အခက်အခဲ အတားအဆီးတချို့ ရှိနေသေးတဲ့တိုင်အောင်မြင်မှု ရနေတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေအောက်မှာပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လုပ်ကိုင်ဆောင်ရွက်နေတာတွေအနက် တချို့ အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာအောင်မြင်မှုတွေ ရပေမယ့် တချို့သော ကိစ္စရပ်တွေမှာမလိုလားအပ်တဲ့ ရလဒ်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တယ်လို့စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တဆက်တည်း ဒီကိစ္စ အတွက် ကာ-လုံ အစည်းအဝေး ခေါ်ပေးဖို့သမ္မတကို တောင်းဆိုလို့ ဇူလိုင် ရက်နေ့မှာကာ-လုံ အစည်းအဝေး ခေါ်ပေးလိုက်ရပါတယ်။
အစည်းအဝေးမှာဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ တရားဝင် သတင်းထုတ်ပြန်တာတွေ မရှိပေမယ့်လွှတ်တော်နဲ့ သတင်းထောက်တွေကို သူရ ဦးရွှေမန်း ထုတ်ဖော်ပြောဆိုချက်တွေအရအခြေအနေကောင်းရဖို့ နှီးနှောဆွေးနွေး ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေးအတွက် လိုအပ်တဲ့ ငွေကြေး ပစ္စည်းအထောက်အပံ့ကို ပြည်ပနိုင်ငံအဖွဲ့အစည်းတွေက ပေးတာ အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာငွေကြေးသုံးစွဲပြီး ဆောင်ရွက်ဖို့ စတာတွေ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေအရကာ-လုံ အစည်းအဝေးကို မှန်မှန်လုပ်သွားမယ်လို့ သူက ပြောဆိုခဲ့သလို၊ လက်ရှိဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းဖွယ်ရာ ရှိနေပါတယ်။ နော်ဝေ အပါအ၀င် နိုင်ငံတကာကကူညီထောက်ပံ့မှုနဲ့ အကြံဥာဏ် ပေးတာတွေကိုလည်း အကန့်အသတ်နဲ့ လက်ခံဖို့ ဖြစ်လာနိုင်ပါတယ်။ ပြောရရင် ဒီလုပ်ရပ်တွေဟာ တိုင်းရင်းသားတွေက လက်ခံပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုလာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပိုပြီး ထိရောက်အောင်၊ ပိုပြီးအောင်မြင်အောင် ပံ့ပိုးပေးတာမျိုး မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာအောင် လုပ်သလိုသာ ဖြစ်နေပါကြောင်းသုံးသပ် တင်ပြလိုက်ရပါတယ်။
by တိုင်းကျော်(ဒီဗွီဘီ)

မြန်မာနိုင်ငံသားအဖြစ်ပြန်လျှောက်သူများကို စိစစ်ပေးနေပြီ

ပြည်ပနိုင်ငံသားခံယူထားတဲ့  မြန်မာနိုင်ငံသားတွေနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှု ရှိနေပြီးလျှောက်ထားလာသူတွေကို စိစစ်လုပ်ဆောင်ပေးနေပါတယ်။

လောလောဆယ်နိုင်ငံသားလျှောက်ထားသူပေါင်း၅၆ ဦး ရှိနေပြီဖြစ်ပြီး စိစစ်ဆဲအဆင့်ပဲရှိပါသေးတယ်။
မြန်မာနိုင်ငံသားပြန်လည်လျှောက်ထားသူတွေကိုအဆင့်ဆင့် စိစစ်လုပ်ဆောင်ပေးနေတာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင် ပြန်လုပ်ပေးနေပြီဆိုတာနဲ့ပတ်သက်ပြီးရှင်းပြပေးပါ။

ကျနော်တို့ဆီကနေတခြားနိုင်ငံမှာ သွားပြီး နိုင်ငံသားခံယူထားတဲ့သူတွေရှိတယ်။အဲဒါကို ဒီနိုင်ငံသားခံယူပြီး မြန်မာနိုင်ငံမှာ ပြန်လာနေချင်တယ်ဆိုရင် နေလို့ရတယ်ဆိုပြီး သမ္မတကြီးကနေပြီး ကြေညာထားတာရှိတယ်။ တချို့ လျှောက်ထားလာတာ ရှိတယ်။သူတို့လုပ်ရမယ့်လုပ်ငန်းလေးတွေကိုကျနော်တို့ အသေးစိတ်ပြန် ရေးဆွဲပြီးတော့ လုပ်နေတာပါ။ အဲကိစ္စကိုပြောတာ ဖြစ်ပါလိမ့်မယ်။

ဘယ်တော့လောက်လုပ်ပေးမှာလဲ။

အခုကိုလျှောက်တဲ့သူတွေကလည်း လျှောက်နေပါတယ်။ တခုတော့ ရှိတယ် ကျနော်တို့ကကျနော်တို့နိုင်ငံသား ဟုတ်ရဲ့လား ဆိုတာ စိစစ်ရတာပေါ့။ ကျနော်တို့နိုင်ငံမှာတုန်းကဘယ်လိုကတ်ပြားမျိုးတွေ ကိုင်ခဲ့လဲ။ အဲဒါတွေကို အောက်ခြေမှာ ပြန်ပြီးစိစစ်ရမယ်။ သူတို့က ဟိုနိုင်ငံသားခံယူတဲ့အခါ ဒီနိုင်ငံသားအဖြစ်က စွန့်လွှတ်လိုက်တာကို။ဟိုနိုင်ငံသားမခံယူခင်က သူဘာကိုင်ခဲ့လဲဆိုတာ ကျနော်တို့က ပြန်စိစစ်ရတယ်။ ပြည်ထဲရေးကတော့ ပြည်မှုဆိုင်ရာတွေနဲ့ ကင်းရှင်းကြောင်း သူတို့က စိစစ်ပေးရတယ်။ အထူးသဖြင့်ရာဇ၀တ်မှုပေါ့။ အဲဒါတွေ စိစစ်ပြီးရင် ငွေရေးကြေးရေးအရဖြစ်ပြီးထွက်သွားတဲ့သူတွေရှိမယ်။တချို့သူတွေက သူများ ငွေရေးကြေးရေး လိမ်လည်သွားတာတို့၊တချို့တွေက ရာဇ၀တ်မှုတွေ ဖြစ်ခဲ့တာတို့။ အဲဒါတွေ ကင်းရှင်းသလားဆိုတာ ပြည်ထဲရေးကစိစစ်ပေးတာပေါ့။ ကျနော်တို့ဆီကတော့ မြန်မာနိုင်ငံသား အဆင့်အတန်းပေါ့။ မြန်မာပြည်မှာနေတုန်းက ဘယ်လိုအဆင့်တန်းမျိုးရှိခဲ့တယ်၊ ဘယ်လိုဟာမျိုး ကိုင်ခဲ့လဲဆိုတာ အဲဒီနှစ်ခုကို ပေါင်းပြီးတော့ ကျနော်တို့ သမ္မတရုံးကို တင်ပြရပါမယ်။ သမ္မတရုံးက ပြန်ပြီး ဒီလူဟာ ဒီအတိုင်း ဒီအတိုင်းရှိတယ်ဆိုပြီးနိုင်ငံခြားရေးရုံးကို ပြန်ပြီး အကြောင်းကြားပေးရတယ်။ နိုင်ငံခြားရေးကနေပြီး ဟိုမှာ ကာယကံရှင်ကို ပြန်ပြောတာပေါ့။ခင်ဗျားကတော့ ဒီအတိုင်းရှိတယ်၊ ခင်ဗျားကတော့ ရာဇ၀တ်မှု ကျူးလွန်တာရှိတယ်၊ မရှိဘူးဆိုရင်လည်း ခင်ဗျား ပြန်လို့ရတယ်။ အဲဒါဆိုဟိုနိုင်ငံသားခံယူထားတာကိုစွန့်လွှတ်ရမယ်။ စွန့်လွှတ်ပြီးပြီဆိုတဲ့အကြောင်းကိုဟိုနိုင်ငံကနေပြီး တရားဝင် စာပေးမယ်။ ပြီးတော့ကျနော်တို့သံရုံးကနေ တရားဝင် စာထုတ်ပေးရမယ်။ ပြီးတော့တရားဝင် မြန်မာပြည်ပြန်ဝင်လာမှာပေါ့။ ပြီးတဲ့အခါ သူဘယ်မှာနေမှာလဲ၊ မိဘအိမ်မှာ နေမှာလား၊ မိသားစုရှိတဲ့ အိမ်မှာ နေမှာလား။ အဲနေ့တဲ့မြို့နယ်မှာသွားပြီးတော့ အိမ်ထောင်စုစာရင်း လုပ်ရမယ်။ သွင်းပြီးတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးဖို့ပြန်လျှောက်ရမယ်။ ကျနော်တို့ လိုအပ်တဲ့အချက်အလက်တွေ ပြန်ဖြည့်ပြီးတာနဲ့ သူရသင့် ရထိုက်တဲ့ ကတ်ပြားတမျိုးမျိုးပြန်ရမှာပေါ့။

တခြားနိုင်ငံရောက်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ပေးတာပေါ့။

အမေရိကန်၊ဩစတြေးလျ၊ တချို့တွေလည်း အိန္ဒိယ အမျိုးမျိုး အများကြီးပါပါတယ်။ တချို့တွေက ဟိုနိုင်ငံသားမခံယူဘူးဆိုပေမယ့် ကျနော်တို့ဆီက ဥပဒေထဲမှာပါတာက တခြားနိုင်ငံသားခံယူခဲ့လို့ရှိရင်နိုင်ငံသား ကိုင်ဆောင်တဲ့လက်မှတ် သို့မဟုတ် ခရီးသွားလက်မှတ်မျိုး ကိုင်ရင်လည်း အဲဒါကို ပြန်အပ်ရမှာပေါ့။ ပြီးရင်မြန်မာနိုင်ငံသားဖြစ်သွားရင်မြန်မာနိုင်ငံက ပတ်စပို့ ပြန်ထုတ်ပေါ့။ အဲလိုထုတ်ပြီး သွားလာလို့ရပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ သိသင့်သိထိုက်တာတွေ ရှိရင်လည်း ပြောပေးပါ။

တချို့တွေကဆိုရှယ်ဗီဇာတို့ ဘာတို့နဲ့ ရောက်နေတာပေါ့။  မြန်မာနိုင်ငံထဲရောက်တော့မှ လျှောက်တဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေကိုလည်း ဟိုကနေပြီးတော့သမ္မတရုံးနဲ့ ကက်ဘိနက်ကနေပြီး ဒီလူတွေကို ခွင့်ပြုတယ်၊ ပြန်လာခွင့်ပြုပြီ။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်နေထိုင်ခွင့် ပြုပြီဆိုတာနဲ့ ကျနော်တို့က သူတို့ကို အကြောင်းကြားမယ်။ အကြောင်းကြားရင် အထဲမှာ ရောက်နေတဲ့သူဆိုရင်လည်း မြန်မာပြည်မှာ သူကိုင်ထားတဲ့နိုင်ငံကသံရုံးရှိတယ်ဆိုရင်လည်း အဲဒီသံရုံးကို အပ်ရမှာပေါ့။ အမေရိကန်တို့၊ အင်္ဂလန်တို့၊ ဩစတြေးလျတို့ကလည်း မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံမှာ သေချာပြီလားလို့ သူတို့က မေးတယ်။ သေချာပြီဆိုမှအပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူက နိုင်ငံမဲ့ ဖြစ်သွားနိုင်တာကို။ကျနော်တို့ဆီက သေချာပြီ အကြောင်းကြားရင် သူက အပ်ရမယ်။ ဟိုနိုင်ငံမှာဆိုရင်လည်းဟိုနိုင်ငံမှာ အပ်ပြီး ကျနော်တို့ သံရုံးနဲ့ဆက်သွယ်ပြီး အပ်ပြီးပါပြီဆိုပြီး ပြန်လာပေါ့။ သူတို့ အဲလိုအပ်နိုင်ဖို့ အစိုးရအဖွဲ့ရုံးတို့ကပြန်ပြီး သူ့ကို လက်ခံပြီဆိုတဲ့အကြောင်းကို စာပြန်ပေးမှာပါ။

 by ရွှေအောင်  (ဒီဗွီဘီ)

ရှစ်လေးလုံးအရေးအခင်း
၁။ ကုလား -ဗမာ ပြသနာ

၁၉၈၈ ခုနှစ်  ဇူလိုင်လနောက်ပိုင်းရက်တွေထဲကတစ်ညမှာပေါ့.. မြန်မာ့ရုပ်မြင်သံကြားက ညပိုင်းအစီအစဉ်မှာ ခေတ်ဟောင်း  ရုပ်ရှင်ဇာတ်လမ်းတခုကို ပြန်လည်တင်ဆက်ပါတယ်.. ဇာတ်ကားက  စစ်ကြိုခေတ်က နံမယ်ကျော်ဇာတ်ကားဖြစ်တဲ့ ဗိုလ်အောင်ဒင်..ပါ။
ပေါင်းတည်ရဲ  တောင်ဘက်ပိုင်းက(၁၅) လမ်းရဲ့ အနောက်ဖက်ထိပ်မှာရှိတဲ့ တီဗွီရုံတစ်ခုကလည်း အဲဒီနေ့ကရုံဖွင့်ပြီး အပြင်ဖက်ကိုထုတ် ပြပါတယ်.. အသံကလည်း  အကျယ်ဆုံးဖွင့်ထားပါတယ်.. (၁၀) နာရီကျော်ကျော်လောက်မှာတော့ဗိုလ်အောင်ဒင်ဇာတ်လမ်းထဲ ကလည်း  ဗိုလ်အောင်ဒင်ကရာမရဲ့ အိမ်ကိုလိုက်သွားပြီး ဆုံးမတဲ့အခန်းကို ရောက်နေပါပြီ.. ဗိုလ်အောင်ဒင်က မထေ့တထေ့အပြုံးနဲ့
ရာမ.. ရာမ  မင်း..အတော်မိုက်တဲ့ကောင်ပဲ..” လို့ပြောရင်းကနေ စားပွဲပေါ်မှာရှိတဲ့ ငါးပွင့်ဖဲချပ်တစ်ခုကိုယူလိုက်တယ်.. ဖဲချပ်ရဲ   အလယ်ပွင့်ကို ဓါးနဲ့စိုက်လိုက်ပြီး  ဓါးကို  နံရံဆီကိုလှမ်းပေါက်လိုက်ပါတယ်.. နံရံ မှာ  ငါးပွင့်ဖဲချပ်က  ဓါးနဲ့စိုက်ပြီး ကပ်နေပါတယ်.. ဗိုလ်အောင်ဒင်က  ခြောက်လုံးပြူးကိုထုတ်ပြီး  ဖဲချပ်ရဲ့ကျန်တဲ့အပွင့်ကလေးတွေကို ပစ်ပြလိုက်ပါတယ်..

ဒိုင်း….ဒိုင်း..ဒိုင်း..ဒိုင်း
ဟဲ..ဟဲ..ရာမရာ..ဖားတုလို ခရုခုန် အိုင်ပျက်ရုံသာရှိမှာပေါ့ကွ.. ဟဲ..ဟဲ..ဗိုလ်လုပ်ချင်တဲ့သူဆိုတာ..”
 ဒိုင်း…..ဒိုင်း 
ဒီတခါသေနတ်သံကတော့   ဗိုလ်အောင်ဒင်ဇာတ်ကားထဲကသေနတ်သံမဟုတ်တော့ပါဘူး.. ရုပ်ရှင်ထဲမှာ ဗိုလ်အောင်ဒင်ကစကားဆက် ပြောနေတာဖြစ်ပေမဲ့ အပြင်ကသေနတ်သံကတော့ သိပ်မဝေးတဲ့ အဲဒီလမ်းရဲ့ အရှေ့ဖက်ပိုင်းကပါ.. ဒါကြောင့် တီဗွီပြနေတဲ့ရုံကလည်းတီဗွီ ကို ချက်ခြင်းပိတ်လိုက်ရပါတယ်.. ခဏနေတော့လမ်းအရှေ့ ဖက်ကနေ   အနောက်ဖက်ကိုပြေးလာတဲ့လူသံတွေကိုရုတ်ရုတ်သဲသဲ ကြားလိုက်ရပါတယ်.. ဘာဖြစ်တာလဲ..။ဟိုဖက်လမ်းထိပ်မှာ ရဲက လူတွေကို သေနတ်နဲ့ပစ်လို့တဲ့..
တီဗွီကြိုးတွေဖြုတ်.. အိမ်ထဲကို ကဗျာကသီတီဗွီကြီးကို ရွှေ့ မပြီးသယ်ကြ..ဘာပြုလို့ ရဲက သေနတ်နဲ့ပစ်တာလဲ..လို့မေးကြ.. ရှုတ်ရှက် ခပ်သွားတယ်.. ပြီးတော့မှ အသာအလျှို အလျှို အိမ်တွေထဲဝင်ပြီး အခြေအနေကို  အကဲခတ်ကြပါတယ်.. လမ်းအနောက်ခြမ်းမှာတော့
လူတွေရှင်းသွားပြီ.. ဒါပေမဲ့ လမ်းအရှေ့ဘက်ခြမ်းမှာတော့လူစုမကွဲသေးပါ.. ရဲတွေ..သက်ဆိုင်ရာ..ပါတီကောင်စီက ပုဂ္ဂိုလ်တွေနဲ့  လမ်းအရှေ့ဖက်ခြမ်းက ကုလားအများစု ကျန်နေပါတယ်.. ရဲတယောက်မျက်လုံးကို ကက်သီးမှန်လို့..တဲ့။ (ကက်သီးဆိုတာ  လောက်လေး မှာ လောက်စာလုံးအစား..ထည့်ပစ်တဲ့ဘိုင်စကယ်ဝင်ရိုးက ဘောကက်ပါ)  မျက်လုံးထွက်သွားသလား အုပ်ထား..အ၀တ်နဲ့ ..အုပ် ထား..ဆေးရုံ ..မြန်မြန်ပို့..
သေနတ်က  ဘယ်သူပစ်တာလဲ.. ဘယ်သူက ပစ်မိန့်ပေးတာလဲ.. ကက်သီးနဲ့ပစ်တာကကော..ဘယ်သူလဲ.. လဲ.. လဲ.. လဲ.. လဲ ..ပေါင်းများစွာနဲ့ အဲဒီည ကုန်ဆုံးသွားပါပြီ..အနောက်ပိုင်းကလူတွေလဲ ဗိုလ်အောင်ဒင် ဆက်မကြည့်နိုင်ကြတော့ပါ.. ဟို စုစု.. ဒီစုစု.. သူတို့ နဲ့ဝေးတဲ့မြို့မြောက်ပိုင်းကတော့ တီဗွီဆက်ကြည့်နေနိုင်ပေမယ့်  ညတွင်းချင်းပဲသတင်းက ပျံ့သွားပါတယ်.. ကုလားဗမာရိုက်ကြလို့တဲ့။ ရဲက သေနတ်နဲ့ပစ်တာတဲ့..ရဲတယောက်လဲ  ကက်သီးမှန်လို့မျက်လုံးထွက်သွားသတဲ့ .
နောက်တနေ့ကျတော့အတော်ပြည့်ပြည့်စုံစုံ သိလာရပါတယ်.. ဇူလိုင်လ (၁၈) ရက်နေ့က ပြည်မြို့မှာ ကုလား- ဗမာရိုက်ပွဲတခု ဖြစ်ခဲ့တယ်.. အမှန်ကတော့  ဗမာမွတ်ဆလင်တွေ အရိုက်ခံရတာပါ.. အတော်လဲ ပျက်စီးသွားကြတယ်.. အဲဒီက မူဆလင်မိသားစုတွေဟာ  ပေါင်းတည်မြို့ကို  ပြေးလာခဲ့ကြပါတယ်.. မူဆလင်အိမ်ထောင်စု များများနေကြတဲ့(၁၅) လမ်း ရဲ   အရှေ့ဖက်ပိုင်းမှာ  ပြေးလာသူအများစုက မှီခိုနေကြတယ်..။အဲဒီနေရာက ဗလီ နဲ့ လဲ  နီးနေတာကိုး..။ပြည်က  မူဆလင်အိမ်ထောင်စုတွေကိုအနီးအနားက ဗမာ တွေကလဲ အခြေအနေတစေ့ တစောင်း  လာလာကြည့်နေကြတာ.ပေါ့..။အဲဒီလိုနဲ   ..(၁၅)လမ်းအရှေ့ ဖက်ပိုင်းမှာ  လူသွားလူလာ  တွေများလာတယ်..။ဒီတော့  အိမ်ခံမူဆလင်အရပ်လူကြီးကရဲတွေကိုထမင်းခေါ်ကျွေးတယ်..။လဘက်ရည် ခေါ်တိုက်တယ်..။ယမကာလေး  ဘာလေးလဲ  တိုက်တယ်..။ဒီလိုနဲ့ ရဲတွေကလည်း  အဲဒီနေရာမှာအတော်ကလေး စုမိနေကြတယ်..။ဒီိလိုဖြစ်လေ..။အနီးအပါးက ဗမာတွေကအမြင်ကပ်လေ..။အမြင်မကြည်လေ။ပိုပြီး သွားကြ..လာကြ..။စုစုဖြစ်လာလေ..ပေါ့။ဒီလို    အချိန်မျိုးမှာရဲကလည်း  သူတို့နိုင်ရမဲ  လူမျိုးကိုတွေ့ရင်    လှမ်းကြိမ်းတာမောင်းတာတွေ    ရှိတယ်ပေါ့..။ဒီိလို ကြိမ်းမောင်းသံတွေကို ကြားတော့..ဗမာတွေကလဲ  ရဲဆိုတဲ့ကောင်တွေ.   ကုလားကျွေးတာတွေစားပြီး  တို့ကိုလာကြိမ်းနေတယ်..ပေါ့။မူဆလင် တွေကလဲ  လူကြီးအိမ်မှာ  ရဲတွေမပြတ်ရှိနေအောင်  ဖန်တီးထားပြီး  ရွစိရွစိလုပ်နေကြပြန်တယ်..။မီးတွေ ထိန်နေအောင်  ထွန်းထားတဲ့ ကြားကနေ  လမ်းပေါ်ကိုလှမ်းပြီးလောက်လေးနဲ ပစ်တာမျိုး..။အသံမြည်မဲ သံပုန်းတို့ အမှိုက်ပုန်းတို့ကိုလောက်လေးနဲ လှမ်းပစ်တာတွေနဲ ..မင်းတို့ လာဝံ့ လာကြည် ဆိုတဲ အချိုးမျိုး  ချိုးကြတယ်..

လမ်းအနောက်ဖက်ထိပ်က  မြန်မာအိမ်တအိမ်မှာလည်း  ဗမာတွေကတော်တော်စုမိလာတယ်..။လဆန်း()ရက်() ရက် လကလေးကလည်း  သွားလို လာလို ကောင်းရုံ..။ကြည့်လို့ရှုလို   ကောင်းရုံလေး.သာနေတယ်..။ခုနကလေးတင်  ဗိုလ်အောင်ဒင်  ဇာတ်ကားကလည်း  မြန်မာ တီဗွီ မှာပြလို့..။မြန်မာအိမ်တွေထဲမှာလည်း  တီဗွီကြည့်ဖို့လား  ..ဘာလားတော့  မသိဘူး..။လူတွေတော်တော်
စုမိနေကြတာအမှန်။ဒီတော့မူဆလင်တွေကလည်း  ရဲတွေကို  ပတ်တရောင်(Patrol) လှည် ပေးပါဦးပေါ့..။ရဲတွေကလည်း  လေးငါးယောက်  တအုပ်စုလောက်   စားကောင်းသောက်ကောင်းအောင်  မြန်မာတွေစုနေတဲ့ လမ်းအနောက်ဘက်ကို  ဘိုင်စကယ်တွေနဲ    ပတ်စီးပြကြတယ်..။တချို့လူတွေကိုလဲ  အသံကျယ်ကျယ်နဲ နှုတ်ဆက်တယ်..။တို့ရဲတွေ ဒီမှာရှိနေတယ်..ဆိုတာမျိုး.။မင်းတို့  ရုတ်ရုတ်  ရုတ်ရုတ်  မလုပ်နဲ  ဆိုတဲ့ပုံစံမျိုးပေါ့..။ဒါပေမဲ့ ကြောက်အောင် ခြောက်တာကနေ  ဆွပေးသလို  ဖြစ်ပြီး  လူတွေပိုစုမိလာပါတယ်..။အိမ်ထဲတွေကနေ  လမ်းပေါ်တွေကို  လူတွေရောက်လာကြတယ်..။လ..ကလဲ  ၀င်သွားပြီ..။တီဗွီဇာတ်လမ်းထဲမှာလည်း  ဗိုလ်အောင်ဒင်က  ရာမ  အိမ်ကိုလိုက်သွားပြီ..။လမ်းအနောက်ခြမ်း မှာ  စုမိနေတဲ့လူအုပ်ကလည်း  အရှေ့ဘက်ခြမ်းကိုတရွေ့ ရွေ   တိုးလာပြီ..။လမ်း အရှေ့ ဖက်က  မူဆလင်တွေကလည်း  အိမ်တွေထဲကထွက်လာပြီး  လူစုနေပြီ။
 သူတို့ ရှေ့ မှာတော့  ရဲတွေရှိနေတယ်..။ရဲတွေကလည်း  စခန်းကိုပြန်အကြောင်းကြားတယ်..။မူဆလင် အရပ်လူကြီ   ကလည်း   သူ့ရပ်ကွက် ကောင်စီ ဥက္ကဌ ဆီကိုအကြောင်းကြားတယ်..။ကုလားနဲ ဗမာတွေ စောင်နေပြီ..။ရိုက်ကြကေို  ဖုန်းဆက်အကြောင်းကြားတယ်..။ဒီလိုနဲ အဲဒီနေရာမှာလူအုပ်စုနှစ်စုနဲ ရဲ၊ကောင်စီ၊ပါတီစတဲ အာဏာပိုင်တွေလဲ စုမိနေကြပြီ..။ရပ်ကွက်ကောင်စီ ဥက္ကဌ က   လူအုပ်စုနှစ်ခုကြားမှာ ဟိုဖက်သွားလိုက်ဒီဖက် သွားလိုက်..။ဒီဘက်အုပ်စုက ပြောတာ..ဟိုဘက် အုပ်စုကိုပြန်ပြောလိုက်..။ဟိုဖက်အုပ်စု စကား.ဒီဖက်လာပြောလိုက်..နဲ့လူအုပ်ချင်းက  တဖြေးဖြေး  နီးလာတယ်..။ဒီအချိန်မှာပဲဘယ်က  စလိုက်တယ်  မသိဘူး..။လောက်လေး  ပစ်သံတွေ..ဗျတ်..ဗျတ်..ဗျတ်..။လောက်စာလုံး မှန်သံတွေကဘုတ်..ဘုတ်….ဂွပ်….
အဲဒီအချိန်မှာပဲ   အောင်မလေးဗျ..”  လို အော်သံကြားလိုက်ပြီး    ရဲတယောက်မျက်လုံးကိုကက်သီး မှန် သွားတော့ တာပါပဲ..။ဆက်တိုက်  သေနတ်သံနှစ်ချက်ပေါ်လာပြီး..။တဖက်နဲ တဖက်  ကိုယ်ထိလက်ရောက်  မရိုက်လိုက်ရပဲ  လူစုကွဲသွားပါတော့တယ်..။သန်းကောင်ကျော်
လင်း အားကြီးအချိန်မှာတော့   ရဲတွေက  မျက်မှန်းတန်းမိ  ထားတဲ  သူတွေကို  အိမ်တွေထဲဝင်ဆွဲလို့  ခြေထောက်ရွှံ့ပေနေသူလေးငါး ယောက်လောက်    ရဲစခန်းကို  ရောက်သွားကြတယ်..။အစစ်အဆေး  အမေးအမြန်း  ခံလိုက်ရတယ်..
(၂။ သေနတ် ပစ်မိန့်ဘယ်သူပေးသလဲ..ကို  ဆက်ပါမယ်..)



ဗိုလ်ရွှေမန်းနဲ့ကာလုံ

တူမောင်ညို(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ရက်)

ဒေါက်တာဆိတ်ဖွားကိုမဖော်ထုတ်နိုင်ခဲ့ကြသော်လည်း(ကာလုံ)ကိုတော့ ပွဲထုတ်လာခဲ့ပြီ။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ပင် ထုတ်မပြောခဲ့သော(ကာလုံ)အကြောင်းနှင့် (ကာလုံ)အစည်းအဝေးခေါ်ဖို့စပြောလာသူ၊ (ကာလုံ) ကို ဗြောင်ပွဲထုတ်လာသူမှာအမေရိကန်မှပူပူနွေးနွေးပြန်လာသူဗိုလ်ရွှေမန်း ဖြစ်ပါတယ်။

ဒီလို ထုတ်ဖော်ပြောဆိုချက်က (ကာလုံ) အပါအဝင် သော့ချက်နေများကိုသူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီဖြစ်တယ်ဆိုတာ အားလုံးကို ပြောလိုက်တာနဲ့ပြလိုက်တာလို့ ပထမအချက် အနေနဲ့ယူဆပါတယ်။

ဒုတိယအချက်ကတော့(ကာလုံ) ဗြောင်လှုပ်ရှားလည်ပတ်တော့မယ်လို့ကြေညာတာပါပဲ။

            ပြီးတော့ ကြံ့ဖွံ့ပါတီထဲမှာ ဝါစဉ်အရ  ဥက္ကဋ္ဌရာထူးဗိုလ်ရွှေမန်းယူပါလို့ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကလွှဲအပ်ခဲ့ပြီးနောက် အခုလို (ကာလုံ) ကိစ္စတွေအသံထွက်လာတာပါ။ ပေါ်ပေါက်လာတာပါ။

            ဗိုလ်သိန်းစိန်က ပါတီဥက္ကဋ္ဌရာထူးကို ဗိုလ်ရွှေမန်းကိုလွှဲပေးလိုက်ခြင်းဟာကြံ့ဖွံ့ပါတီထဲမှာ ဗိုလ်သိန်းစိန်အခန်းကုန်ဆုံးသွားပြီဆိုတဲ့အဓိပ္ပါယ်လည်းဖြစ်ပါတယ်။ကြံ့ဖွံ့ပါတီဆိုတာအခြားသောဒီမိုကရေစီပါတီတွေလို ပါတီဝင်ထုရဲ့မဲဆန္ဒနဲ့ခေါင်းဆောင်ကိုဒီမိုကရေစီ နည်းကျတင်ရွေးချယ်တင်မြှောက်ကြတာမဟုတ်ဘူး။စစ်တပ်ပုံစံအတိုင်းဖွဲ့စည်းထားတာဖြစ်ပြီးစီနီယာကကွန်မင်ဒါ လုပ်တဲ့သဘောပဲဖြစ် တယ်။ (buttom up) မဟုတ်ဘူး။ (Top down) ပဲဖြစ်တယ်။ အတိတ်က (မဆလ)ပါတီလုပ်ခဲ့သလိုပေါ့။

            စီနီယာဖြစ်တဲ့ ဗိုလ်ရွှေမန်းဟာ သော့ချက်ကျတဲ့နေရာတွေကိုကိုင်ထားတာတွေ့ရမယ်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

(ကာလုံ) အဖွဲ့ဝင်

ပြည်ထောင်စုလွှတ်တော်(ဒုတိယ) သက်တမ်း အတွက်နာယက

ဒါ့အပြင်၂၀၁၅ မှာသမ္မတလုပ်မည်ဟုပြောထားသူ (သမ္မတထက်မြင့်တာရှိ လည်းလုပ်ချင်တယ်လို့ ပြောသူဖြစ်တယ်)

ကျနော့်ယူဆချက်ကတော့ပါတီဥက္ကဋ္ဌကနေ အရာရာကိုစီမံကွပ်ကဲနေရာချထားနေတာဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ(ဗိုလ်)သိန်းစိန်ကိုချီးမွန်းနေရာကနေ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်း ဘက်ပြောင်းချီးမွန်းတာ ကို လည်းထည့်စဉ်းစားမိပါတယ်။ ဗိုလ်သိန်းစိန် ထက်  ဗိုလ်ရွှေမန်းကပိုပြီးအခရာကျတယ်ဆိုတဲ့အချက်ကို  စောစောရိပ်မိသွားပုံရပါတယ်။

ဗိုလ်ရွှေမန်းပြောတာတွေကိုကြည့်လိုက်တော့ကာလုံအစည်းဝေးအမြန်ခေါ်ပေးရန်၊လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် ကာလအတွင်း(ကာလုံ) အစည်းအဝေး တစ်ပတ်တစ်ကြိမ်လုပ်ရန်ဖြစ်ပါတယ်။

၁၁ ဦးရှိတဲ့ (ကာလုံ) တန်းစီဇယားအရဆိုရင် ဗိုလ်ရွှေမန်းအထက်မှာသမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦးပဲ ရှိပါတယ်။

 ဒါကလည်းဖွဲ့စည်းမှုသဘောအရ ဟန်ပြရုပ်ပြသဘောဖြစ်ပါလိမ့်မယ်။(ကာလုံ)ရဲ့ တကယ့်အာဏာနဲ့လုပ်ပိုင်ခွင့်က ဗိုလ်ရွှေမန်း လက်ထဲမှာ ရှိနေတာဖြစ်ပါလိမ့်မယ်။ ဇူလိုင်လ ရက်နေ့ကလုပ်ခဲ့တဲ့ (ကာလုံ)အစည်းအဝေးက ကာချုပ်မပါတဲ့ (ကာလုံ) အစည်းအဝေး ဖြစ်ပါတယ်။တကယ်တော့ ကာချုပ်ဗိုလ်မင်းအောင်လည်းဟာ ရင်ခွင်ပိုက်ဦးစီးချုပ်ကလေးသာဖြစ်ပါတယ်။သူလည်းအမတ်ချုပ်ကြီးဖြစ် တဲ့ ဗိုလ်ရွှေမန်း အမိန့်ကိုနာခံရပုံပေါ်ပါတယ်။

ဗိုလ်ရွှေမန်းထုတ်ဖော်ပြောဆိုချက်တွေက အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေးကိစ္စများဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ သုံးစွဲနေတဲ့ ငွေရေးကြေးရေးကိစ္စတွေနဲ့ပတ်သက်နေပါတယ်။

ဗိုလ်ရွှေမန်းကသူ့ အာဘော်ကိုအခုလို ဖော်ထုတ်ထားပါတယ်။

 အချို့သောငြိမ်းချမ်းရေးဆွေးနွေးရမည့်ကိစ္စရပ်များတွင်မလိုလားအပ်သောကိစ္စများနှင့်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်းကို ပြည်သူများအတွင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အတွင်း တင်ပြလာမှုများရှိပါသည်တဲ့။

ပြည်သူတွေကဘယ်လိုတင်ပြသလဲ။မည်သည့်မြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်ဘယ်သူက ဘယ်လိုအချက်အလက်တွေ နဲ့ တင်ပြလာသလဲဆိုတာရှင်းပြဖို့လိုအပ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းအနေနဲ့ ဟိုလိုလို ဒီလိုလို ပြောနေမယ့်အစား  တည့်တည့်တန်းတန်းရှင်းရှင်းလင်းလင်းပြောဖို့လိုပါတယ်။ သမ္မတလုပ်ချင်တယ်လို့ပြောသလို မျိုး ရှင်းရှင်းဘွင်းဘွင်းပြောစေချင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ။အထူးသဖြင့် ဒီမိုကရေစီအရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလိုလားတဲ့ နိုင်ငံရေးပါတီများမှလွှတ်တော်ကိုယ်စားလှယ်များ  အနေဖြင့်ပြည်သူများကိုယ်စား မေးခွန်းထုတ်ကြဖို့လိုပါတယ်။ ဆန်းစစ်ဝေဖန်ကြဖို့နဲ့ သဘောထားအမြင်တွေထုတ်ဖော်ပြောဆိုကြဖို့လိုပါတယ်။

တကယ်တော့ငြိမ်းချမ်းရေးကိစ္စတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီကကြိုးကိုင်စီမံနေတာပဲဖြစ် ပါတယ်။  အဲဒီဗဟိုကော်မတီ (၁၁) ဦး ထဲမှာဗိုလ်ရွှေမန်းလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။

အဲဒီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီရဲ့အောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီရှိပါတယ်။ ဗိုလ်အောင်မင်းဟာ လုပ်ငန်းကော်မတီထဲမှ ဒုတိယဥက္ကဋ္ဌများ အနက်တစ်ဦးသာလျှင်ဖြစ်ပါတယ်။

 ဗိုလ်အောင်မင်းနဲ့ သူ့နောက်တော်ပါ (MPC)ရုံးက ရုံးလုလင်တွေဟာလည်း တစ်ချိန်ကဒီမိုကရေစီရေးအော်ခဲ့သူတွေ၊  (ABSDF) မှာဗဟိုကော်မတီဝင်ဖြစ်ခဲ့ဖူးသူတွေဖြစ်တယ်။(MPC)ရုံးဆိုတာလည်း နိုင်ငံခြားဒိုနာတွေရဲ့ ပရိုပိုဆယ်ငွေနဲ့ဖွင့်ထားတာပဲ။

ဒါကြောင့်ဦးအောင်မင်းပဲဖြစ်ဖြစ်၊(MPC)ပဲ ဖြစ်ဖြစ်၊ (MPC)ကရုံးလုလင်တွေပဲဖြစ်ဖြစ် ဗဟိုကော်မတီက ညွန်ကြားတာ/ခိုင်းတာ လုပ်ရတာပဲ။ သူတို့သဘောနဲ့သူတို့ ထွင်ပြီးပြောလို့၊လုပ်လို့ရတာမဟုတ်ပါဘူး။မဆိုင်တာပြောမိ/ လုပ်မိတာနဲ့အလုပ်က ပြုတ်သွားမှာပေါ့။ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တွေ့တဲ့အခါ ဗိုလ်အောင်မင်း မင်္ဂလာယူနေတာတွေ၊ ဗိုလ်အောင်မင်းရဲ့အာလူး တွေကို ဗိုလ်ရွှေမန်း ဘဝင်မကျလေသလား။

သို့မဟုတ်သမ္မတဦးသိန်းစိန်၊ ဗိုလ်အောင်မင်းတို့ လေပစ်နေကြတဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီ ချက် ( Nationwide  Ceasefire  Accord ) ကိစ္စကို ဗိုလ်ရွှေမန်း မလိုလားလေသလား။

ဦးအောင်မင်းကလွှတ်တော်မှာတင်ပြခဲ့တဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကိစ္စကို သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ လစဉ်ရေဒီယိုမိန့်ခွန်းမှာ ထည့်မပြောသွားတာကလည်း စဉ်းစားစရာပါ။

ဒါ့အပြင်လတ်တလောပေါ်ပေါက်လာတဲ့(UWSP) စစ်ရေးတင်းမာလာမှုကလည်းတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မပြုလုပ်နိုင်ရေးအတွက် ချိန်ကိုက်ဖော်ထုတ်လာတဲ့ အဖုအထစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။

  ဒီအဖုအထစ်ကိုဖန်တီးဖော်ထုတ်လာသူဟာစစ်တပ်ဖြစ်ပါတယ်။ဒီဖြစ်ရပ်နဲ့ (ကာလုံ) အစည်းအဝေးမှာပြောတဲ့ ဗိုလ်ရွှေမန်းအလိုမကျမှု ဘယ်အတိုင်းအတာထိ ဆက်စပ်နေသလဲ။




ဗုဒ္ဓဘာသာဝေဖန်ရေး Time ဆောင်းပါး မြန်မာပိတ်ပင်

ဘာသာရေးအဓိကရုဏ်းတွေ ထပ်မဖြစ်ဖို့ ကာကွယ်တဲ့အနေနဲ့  ဗုဒ္ဓဘာသာသံဃာတော်တစ်ပါး မျက်နှာဖုံးပါ  ဇူလိုင်လထုတ်Time မဂ္ဂဇင်းရဲ့ “The Face of Buddhist Terror” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးကို မြန်မာအစိုးရက အင်္ဂါနေ့က ပိတ်ပင်လိုက်ပါတယ်။  ဒီဆောင်းပါးမှာအစ္စလာမ်ဘာသာကို ပုတ်ခတ်ဟောပြောနေတဲ့ အစွန်းရောက် သံဃာတစ်ပါးဖြစ်တဲ့ ဦးဝိရသူနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မမေစန္ဒီ က တင်ပြထားပါတယ်။

ဇူလိုင်လထုတ်Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကိုမြန်မာနိုင်ငံတွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ အစိုးရက တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်း ဇွန်လ ၂၅ ရက်နေ့ပါရက်စွဲနဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။

အဲ့ဒီကြေညာချက်အရလူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံတွင်း  မူရင်းဖြစ်စေ၊မိတ္တူဖြစ်စေ၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးနိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းကလည်း Time မဂ္ဂဇင်းပါအချက်ဟာ ဘာသာမတူတဲ့ လူအချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပျက်ပြားစေနိုင်တဲ့အကြောင်း   အင်္ဂါနေ့တုန်းကထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာအစိုးရပြောခွင့်ရ ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာလည်း Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ “The Face of the Buddhist Terror” ဆောင်းပါးပါအချက်အလက်များဟာ ပြည်တွင်း၌ တည်ဆောက်နေသော ဘာသာပေါင်းစုံအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အပြင် မလိုလားအပ်သော ဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊၃၆၃ နှင့် ၃၆၄ ပါနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရတဲ့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်လို့အင်္ဂါနေ့တုန်းက ဖော်ပြထားခဲ့ပါတယ်။

ဒီလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က  မြန်မာအာဏာပိုင်တွေဟာ ပြည်တွင်းမီဒီယာတွေအပေါ် ပြုမှု ဆက်ဆံသလို ပြည်ပမီဒီယာတွေကိုလည်းထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်တာ
ဖြစ်တယ်လို့အခုလို ပြောဆိုပါတယ်။

ပြည်ပမီဒီယာတွေကိုသွားလုပ်ရင်တော့ ဘယ်ရမလဲဗျာ။ ပြည်ပမီဒီယာ ဆိုတာက ကမ္ဘာနဲ့အ၀ှမ်း သြဇာရှိတဲ့စာနယ်ဇင်းတွေကတော့ ဘာပဲပြောပြော လွတ်လပ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တယ်ဆိုတာကို သူတို့ သဘောမပေါက် ဘူးထင်တယ်။အဲ့တော့ ပြည်တွင်းက ဘာလဲဆိုတော့ ပြည်တွင်းက မီဒီယာတွေကို သူတို့ လည်ပင်းညှစ်ချင်လို့ ညှစ်ရမယ်မှန်းသိသလိုပဲ ပြည်ပ မီဒီယာတွေကိုလည်း သူတို့ကလည်ပင်းညှစ်ချင်တာပေါ့။ လည်ပင်းညှစ်လို့ မရရင်တောင်မှ ပြည်ပမီဒီယာတွေကို လိမ်လည်ချင်တယ်။ လှည့်ဖျားချင်တယ်။ ဟန့်တားချင်တယ်ပေါ့။ အဲ့ဒါတွေ ရှိနေတယ်လို့ ကျနော် ယူဆတယ်။ အဲ့ဒါကြောင့်သူတို့ လုပ်ရမယ့်ကိစ္စက ဘာလဲဆိုတော့ ကိုယ့်ဘက်ကိုယ်သာ ထိန်းသိမ်းဖို့၊ ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ သို့မဟုတ် မှန်ကန်စွာ တုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာကို အခုထိ သဘောပေါက်ပုံ မရသေးဘူးလို့ကျနော် အဲ့ဒီလိုပဲ ယူဆပါတယ်။

မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ အစွန်းရောက် ဗုဒ္ဓသံဃာတစ်ပါးဖြစ်တဲ့ ဦးဝီရသူရဲ့ ရုပ်ပုံနဲ့ ဖော်ပြထားပြီးတော့ “The Face of Buddhist Terror” ဗုဒ္ဓဘာသာရဲ့ကြမ်းတမ်းသော မျက်နှာစာဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာမြန်မာနိုင်ငံတွင်း မူဆလင် လူနည်းစုတွေဟာ လူမျိုးရေးနဲ့အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်ဆိုပြီး အစွန်းရောက်ဟောပြောမှုတွေကို စခဲ့တဲ့ သံဃာတစ်ပါးလည်း ဖြစ်ပါတယ်။

ဒါ့ပြင်မူဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားတဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ မျိုးစောင့်ဥပဒေမူကြမ်းဆိုတာကို ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဦးဝီရသူနဲ့ သံဃာတချို့က ကြိုးစားခဲ့ပါတယ်။

ဒီဆောင်းပါးခေါင်းစဉ်ကြောင့်ဗုဒ္ဓဘာသာဝင်အများအပြား ဒေါသထွက်ခဲ့ပြီး ဒါဟာ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေတယ်ဆိုပြီးကန့်ကွက်ချက်ကို  သမ္မတရုံးကတနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်း ဖြစ်မှုတွေကြောင့်မူဆလင်ဘာသာဝင်တွေ အများစုပါဝင်တဲ့ လူပေါင်း ၂၅၀ နီးပါး သေဆုံးခဲ့ပြီးထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တာပါ။

မြန်မာအစိုးရဟာတိုင်းပြည် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲက မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးလုပ်နေတဲ့အချိန်မှာ အခုလို  ဇူလိုင်လထုတ်Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကိုမြန်မာနိုင်ငံ တွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ တားမြစ်ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။



သစ္စာနီရဲ့ မီးလောင်ရာ လေပင့်တာလား

ဆရာ သစ္စာနီ ရဲ့ ဆောင်းပါးတိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလားဧရာဝတီ ဆောင်းပါး ဖတ်ရတယ်။  ဆရာ့စာတွေနဲ့ အလှမ်းဝေးခဲ့တာကြာပေမယ့် ဆရာဟာ ကျနော်တို့ မျိုးဆက်ငယ်ဘဝ စိတ္တအာဟာရ အတွက် အရေးပါ ခဲ့သူတယောက် ဖြစ်တဲ့ အတွက် ဆရာ့ကိုလေးစားမှု ရှိလျက်ပါပဲ။  ဆရာ့ရဲ့ကဗျာ၊ ဝတ္ထု၊ အက်ဆေး စာသားတွေအလွတ်ရွတ်ပြနိုင်တဲ့ အချိန်တွေကို သတိရမိတယ်။  သံချေးတက်နေသောတွယ်အပ်ကလေးကို စွဲလမ်းမိလို့ ငယ်ဘဝချစ်ရသူကောင်မလေးရဲ့ ကျောင်းမှတ်တမ်းစာအုပ်ထဲက လိုင်စင်ဓာတ်ပုံကလေးကို သိမ်းဖူးခဲ့တယ်။  ကောင်မလေးကအခုအချိန်ထိ ဓာတ်ပုံထဲကနေ မျက်မှောက်ကုတ်ပြီး ခပ်တည်တည်နဲ့ ကြည့်နေသေးသလို ဆရာ့ ရဲ့ အရေးအသားတွေကလည်းအခုအချိန်ထိ ကျနော့် ရင်ထဲမှာ ရှိနေသေးပါတယ်။

ခေတ်ပြောင်းချိန်လို့ဆိုကြတဲ့ အခု နှစ်ပိုင်းမှာ ဆရာနိုင်ငံရေး နဲ့ ဆက်စပ်တဲ့ အလုပ်တချို့၊နိုင်ငံရေး (သို့ ) မျက်မှောက်ရေးရာ ဆောင်းပါးတွေလည်းအားပြု ရေးနေတယ်ဆိုတာလည်း ကြားမိပေမယ့် လက်လှမ်းမမီလို့ တခါမှာတော့ သေချာ မဖတ်ဖြစ်ခဲ့ပါ။  ဆရာ အွန်လိုင်းမှာ ရေးတဲ့ စာတချို့သာ သတိထားမိပါတယ်။ကျနော့်လို ဘာမဟုတ်၊ ညာမဟုတ်တောင်မတော်တဆ မဟုတ်တဲ့နှစ်ရှည်လများသည်းခြေပျက်၊ အချဉ်ပေါက်နေမှုကို ဖြေဖျောက်နိုင်အောင် အွန်လိုင်းမှာ မျက်မှောက်ရေးရာ နဲ့ ကိုယ်ပိုင် အာဘော်နိုင်ငံရေး ဆောင်းပါးတွေ ရေးနေသေးတာ ဆရာ့ လို စာစုံရေးနိုင်စွမ်းပြီး စာပေသြဇာ တိက္ကမကြီးတဲ့ စာရေးဆရာကြီး တယောက် အနေနဲ့ နိုင်ငံရေးနဲ့ မျက်မှောက်ရေးရာ အတွေးအမြင် ဆောင်းပါးတွေ ရေးတာ ဆရာ့ စာဖတ်ပရိသတ်အတွက်ဗဟုသုတပွား စဉ်းစားစရာ တိုးစေမှာ သေချာပါတယ်။  ဖတ်ဖြစ်လိုက်တဲ့ဧရာဝတီ မှာ နောက်ဆုံး ရေးတဲ့ဆောင်းပါးတိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလားပါ ဆရာ့ သဘောထားအမြင်ကိုလည်း လေးစားပါတယ်။ဒါပေမယ့် ဆောင်းပါးပါ ဆရာ ရဲ့ သဘောထားတချို့ နဲ့ တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးကို ဆရာ့ ရဲ့ အဓိပ္ပာယ်ကောက်ယူပုံတချို့ ကိုတော့ ဆရာ့ ဆောင်းပါးဖတ်ဖြစ်သူ တယောက် အနေနဲ့ ပြန်လည်ဆေးနွေးလိုပါတယ်။

ပထမ ဦးဆုံး အနေနဲ့ မူရင်းတိုင်းမ်မဂ္ဂဇင်း ဆောင်းပါး ပါ စာကြောင်း “Hard-line monks, like those in the BBS, have turned on minority Muslims and Christians, especially since the 26-year war against the largely Hindu Liberation Tigers of Tamil Eelam insurgency ended four years ago.” စာကြောင်းကို“BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ဘုန်းကြီးတွေက၂၆ နှစ်ကြာ တမီးလ် အီလန်ဟိန္ဒူ ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့် လာပါတယ်လို့ ဆရာ့ ဆောင်းပါးမှာ ရေးထားတာ သတိထားမိပါတယ်။  ဆရာ့လိုအင်္ဂလိပ်စာပေမှာပါ နှံ့စပ် ဟန်တူတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ တိုင်းမ်မဂ္ဂဇင်း မူရင်း အင်္ဂလိပ် ဆောင်းပါးကို ဖတ်ပြီးပြီလို့ ယုံကြည်ပါတယ်။  မဖတ်ရသေးဘဲနဲ့အခြား ထပ်ဆင့်တင်ပြတဲ့ မီဒီယာ ရဲ့ အာဘော်ပါဘာသာပြန်မှုကိုသာ ဖတ် ပြီး ဆရာ့ဆောင်းပါးမှာတသဘောတည်း ယူသုံးတယ်ဆိုရင်တော့ ကျနော် အံ့သြမိမှာ အမှန်ပါပဲ။  ဆရာ့လိုအင်္ဂလိပ်စာတတ် တယောက် ကို ယခုတွဲလျက် ဖော်ပြတဲ့ မူရင်း အင်္ဂလိပ်စာကြောင်း ဘာသာပြန်ပြစရာလိုမယ် မထင်ပါ။

ဒါပေမယ့်အားလုံးသော စာဖတ်သူ အများ အတွက်မူရင်း စာကြောင်း အဓိပ္ပာယ်ကို ဆီလျော်အောင် ပြန်ရရင်အထူးသဖြင့် ၂၆ နှစ်ကြာ တမီးလ်အီလန် ဟိန္ဒူ ကျားသူပုန်တွေ နဲ့ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ လွန်ခဲ့တဲ့ နှစ်က အပြီးအပြတ် နီးပါး အဆုံးသတ်ပြီးတဲ့ အချိန်ကတည်းက(အချိန်နောက်ပိုင်းမှာ) BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ရဟန်းတော်တချို့ဟာလူနည်းစု မွတ်ဆလင် နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့်လာပါတော့တယ်လို့သာ ရပါတယ်။

ဆိုတော့မူရင်း အင်္ဂလိပ် စာကြောင်းမှာ ဆရာ့ဆောင်းပါး မှာ စွပ်စွဲထားသလိုတမီးလ်ကျားသူပုန်တွေကို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်ဆိုတဲ့ သဘောလုံးဝ မပါပါ။  ရှင်းလင်းတယ်ဆိုတဲ့ စကားလုံး အသုံးလည်း  ဟုတ်ကိုမဟုတ်ပါ။  မူရင်းစာကြောင်းပါ “ended” စကားလုံးကစစ်ပွဲ အဆုံးသတ်သည်ကိုသာဆိုလိုပါတယ်။  စာကြောင်းရှေ့က ခံထားတဲ့ ကြိယာဝိသေသန “largely” အသုံးကြောင့် “almost completely” သဘောအပြီးအပြတ် နီးပါး စစ်ပွဲ အဆုံးသတ်သည့်(လွန်ခဲ့တဲ့ လေးနှစ်က အချိန်)” ဟု အဓိပ္ပာယ် ရပါတယ်။  သဘောထားတင်းမာတဲ့ဘုန်းတော်ကြီးတချို့ အခြား လူနည်းစု နှစ်အုပ်စုအပေါ် ပို (အထူးသဖြင့်) ပစ်မှတ်ထားလာတဲ့အချိန်ကို ဖော်ပြတဲ့ နောက်ဆက်တွဲ စာကြောင်း ကို “since” ဆိုတဲ့အချိန်ဖော်ပြတဲ့“conjunction” စကားဆက် (စာကြောင်းဆက် အသုံး) နဲ့ ချိတ်ဆက်ထားပါတယ်။  စစ်ပွဲအဆုံးသတ်ခြင်းဟာဘုန်းတော်ကြီးတွေ ကြောင့်လို့ ရေးမထားသလို ဘယ်သူ့ကြောင့်မှလို့လည်း ရေးမထားပါ။  နောက်ဆက်တွဲစာကြောင်းဟာ အချိန်ကို ဖော်ပြတဲ့ စကားစု “clause” သက်သက် သာ ဖြစ်ပါတယ်။

“since” အချိန်ဖော်ပြမှု “conjunction” အသုံးကို အများ ပိုမို ရှင်းလင်းအောင်လွယ်ကူတဲ့ ဥပမာ စာကြောင်း ပေးရရင် “I’ve been very busy since I came back from holiday.” “အလုပ်ရှုပ်နေတာ(အလုပ်စရှုပ်နေခဲ့တာ) အားလပ်ရက်က ပြန်လာကတည်းကပါပဲ ကွာစာကြောင်း မှာအလုပ်ရှုပ်တာ အားလပ်ရက်က ပြန်လာလို့ဆိုတဲ့ သဘော အဓိပ္ပာယ်ဘယ်လိုနည်းနဲ့မှ မသက်ရောက်ဘဲ အလုပ်စရှုပ်တဲ့အချိန်ဖော်ပြခြင်း သက်သက်သာဆိုတာ လွယ်လွယ်ကူကူ သိမြင်နိုင်မယ်လို့ ယူဆပါတယ်။

ဒုတိယ အနေနဲ့ တိုင်းမ်မဂ္ဂဇင်း မူရင်းအင်္ဂလိပ်စာစု “Since Burma began its reforms in 2011, with the junta giving way to a quasi-civilian government, surprisingly few people have called for holding the army accountable for its repressive rule. This equanimity has been ascribed to the Buddhist spirit of forgiveness. But Burma’s democratization has also allowed extremist voices to proliferate and unleashed something akin to ethnic cleansing.” ပါ နောက်ဆုံး စာကြောင်း ကိုမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်လို့ ဆရာ အနက်ကောက်ထားပြန်ပါတယ်။  ဒါကိုဖတ်ရတော့ ဆရာ မူရင်း အင်္ဂလိပ်ဆောင်းပါးကို ကိုယ်တိုင် တကယ် မှ ဖတ်ဖြစ်ခဲ့ရဲ့လားကျနော့်စိတ်မှာ ပို သံသယ ဖြစ်မိလာပါတော့တယ်။

အထက်ပါမူရင်း စာစုမှာပြုပြင်ပြောင်းလဲမှုတွေ စခဲ့တဲ့ ၂၀၁၁ စစ်တပိုင်းအစိုးရ အာဏာရလာချိန်မှာ လူနည်းစုကပဲ စစ်အုပ်စု (အရင်) ဖိနှိပ်ခဲ့မှုတွေကို တာဝန်ယူပေးဖို့တောင်းဆိုခဲ့တယ်။  ဒီလိုအလိုမကျစရာ၊ ခက်ခဲတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ရှိရှိ ရင်ဆိုင်တာဟာ  ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်နိုင်မှု စိတ်ဓာတ် ကြောင့်ပါပဲလို့ စပျိုးလာတယ်။  နောက်ဆုံးစာကြောင်းမှာဒါပေမယ့် ဒီလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခဲ့မှုဖြစ်စဉ်ဟာ အစွန်းရောက်တဲ့ အသံတွေကိုလည်း တပါတည်း ကျယ်လောင်လာစေတယ်၊ လူမျိုးစု(တခုခု) သုဉ်းအောင် သုတ်သင်ဖယ်ရှားခြင်းနဲ့ အလား သဏ္ဌာန် တူတဲ့ဖြစ်ရပ်တွေလည်း ရုတ်တရက် ချက်ချင်း ထိန်းချုပ်မရ (ထိန်းမနိုင် သိမ်းမရ) တွဲလျက် ဖြစ်ပေါ်လာခဲ့တယ်လို့အဆုံးသတ် ဆိုထားခြင်း ဖြစ်ပါတယ်။

ဆိုတော့မူရင်းသဘောဟာ ဆရာ ကောက်ချက်ဆွဲထားသလို ဗမာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လမ်းကြောင်း တခုလုံးကို ကမ္ဘာ က အထင်အမြင်လွဲအောင်သိမ်းကျုံးဆိုထားခြင်းမဟုတ်ဘဲပြုပြုပြောင်းလဲမှုတွေနဲ့ အတူ အစွန်းရောက်မှု ဖြစ်စဉ်တွေလည်းတပါတည်း တွဲလျက် မြင်လာရတယ် ဆိုတဲ့သဘောသာ ဖြစ်ကြောင်း ထင်ထင်ရှင်းရှင်း သိနိုင်ပါတယ်။  နောက်ဆုံးစာကြောင်းဘာသာပြန်မှုမှာ အဓိက အရေးပါတာက ခက်ခဲ့တဲ့စကားလုံးတွေ မဟုတ်ဘဲ လွယ်ကူတဲ့ “also” ဆိုတဲ့စကားလုံးသာ ဖြစ်ပါတယ်။  ဒီစာကြောင်းမှာ “also” ကို ထည့်ဘာသာပြန်ဖို့ အင်မတန်အရေးကြီးပါတယ်။  ဒါမှသာဒီမိုကရေစီဖြစ်စဉ်နဲ့ အတူ အခြား မကောင်းတဲ့အခြေအနေ  တခု(အစွန်းရောက်မှု) လည်းပဲတပါတည်း တွဲလျက်ပါလာတယ်ဆိုတဲ့ မူရင်းဆောင်းပါးရှင်ရဲ့ အာဘော်ကို ပုံဖော်နိုင်ပါမယ်။  နောက်တခုကလုံးလုံး ထည့်ဘာသာမပြန်ခဲ့တဲ့ “akin” ဆိုတဲ့ စကားပါ။  အလား သဏ္ဌာန် တူ၊သဘောနီးစပ်ဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။  ဒါလည်းမူရင်းဆောင်းပါးရှင် အာဘော် အတွက် အရေးကြီးပါတယ်။

ဆိုတော့ဆရာ ခင်ဗျာ။  မူရင်းဆောင်းပါးကိုအခုလို မတုံ့ပြန်ခင် (ဆရာ့သဘောထား မရေးခင်မှာ) မူရင်း အင်္ဂလိပ်လို ကိုတကယ် ဖတ်ဖြစ်ခဲ့သလား ဆိုတာ  အမှန်တကယ်ကိုမေးခွန်းထုတ်ချင်မိတာ ကျနော် မလွန်ဘူးလို့ ယူဆပါတယ်။

တတိယ အချက် အနေနဲ့ဗုဒ္ဓဘာသာဝင်များ အားလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်ဆိုတဲ့ဆရာ့ သဘောထားကို ပြန်လည် ဆွေးနွေးရရင် ဆရာ့အနေနဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ခေါင်းကြီး ကို အဓိပ္ပာယ် အကောက်လွဲနေတယ်လို့ယူဆပါတယ်။  ခေါင်းကြီး“The Face of Buddhist Terror” ဟာဗုဒ္ဓဘာသာ နဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကိုသိမ်းကျုံး ထောက်ပြ ဆိုလိုတာ လုံးဝမဟုတ်ပါ။  ဗုဒ္ဓဘာသာရဲ့အကြမ်းဖက်မှု မျက်နှာစာတခုကိုသာ ဖွင့်ဟ ပြခြင်း ဆိုတဲ့အဓိပ္ပာယ်သာဖြစ်ပါတယ်။

“The Face of ‘something’” ဆိုတာဟာအင်္ဂလိပ် အသုံး “usage” ဖြစ်ပါတယ်။  သူ့ကို“Cambridge Advanced Learner’s Dictionary” က“what you can see of something or what shows” အနေနဲ့“para-phrase” ပြန်ခွဲ အဓိပ္ပာယ် ဖွင့်ပါတယ်။  မြန်မာလိုသင့်လျော်အောင် ပြန်ရင်လူအများမြင်နိုင်တဲ့ (သို့မဟုတ်) ဖော်ပြထားသည့်လို့ရပါတယ်။  ခေါင်းကြီးပါ“Buddhist”  ဆိုတာကလည်း ဘာသာဝင်လို့ ဆိုလိုတာမဟုတ်ဘဲ အထူးပြုနမ်စား အနေနဲ့ သုံးထားခြင်းသာဖြစ်ပြီးဗုဒ္ဓဘာသာရဲ့လို့ဆိုနိုင်ပါတယ်။  ဒါကြောင့်တိုင်းမ်မဂ္ဂဇင်း အဓိက မဏ္ဍိုင် ခေါင်းကြီးကိုခြုံပြီး အနက်ကောက်ရင်ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာ တခု  လို့သာရပါတယ်။  ဒါဟာဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဝင် အားလုံးနဲ့ လုံးဝ မသက်ဆိုင်ဘဲ ဘာသာအယူဝါဒနဲ့ဆန့်ကျင်ဘက် ကျင့်ကြံ၊ ပြောဆို၊ ပြုမူ နေတဲ့၊ ရှေးယခင်ကမ္ဘာ့ အသိုင်းအဝန်းကလည်း လက်ခံနားလည်ထားတဲ့ ဗုဒ္ဓ ဘာသာရဲ့ ငြိမ်းချမ်းရေးဝါဒသဘော၊ ခန္တီစ (Tolerance) သဘော နဲ့ သွေဖီဆန့်ကျင်ဖြစ်နေတဲ့ ပုဂ္ဂိုလ် တချို့အကြောင်း၊ အခြား မျက်နှာစာ တခုကို ဖွင့်ပြရေးထားတဲ့ “Cover Story” သတင်းခေါင်းကြီး ဆောင်းပါးသာ ဖြစ်ပါတယ်။

ဒီလို ဘာသာတရား ရဲ့ ဓမ္မစစ်နဲ့ ဆန့်ကျင်နေတဲ့အစိတ်အပိုင်း တရပ်ကိုသာ ဆောင်းပါးက ညွှန်းဆိုကြောင်းနဲ့ ဗုဒ္ဓဘာသာ ရဲ့ ပကတိ သဘောငြိမ်းချမ်းမှု၊ ဓမ္မနဲ့ ခွင့်လွှတ် သည်းခံနိုင်ခြင်းတရားတို့ကို မူရင်းဆောင်းပါးရှင်ဟာ ဆောင်းပါးရဲ့ နေရာ အနှံ့ အပြားမှာ ရေးသားဖော်ပြထားပါတယ်။

မူရင်းဆောင်းပါးပါစာကြောင်း နှစ်ကြောင်းကို ဥပမာ အနေနဲ့ ထုတ်နှုတ်တင်ပြပါ့မယ် ခင်ဗျာ။

“Every religion can be twisted into a destructive force poisoned by ideas that are antithetical to its foundations. Now it’s Buddhism’s turn. စာကြောင်းမှာဆိုရင်နဂိုမူလ’ (ဝါ) ‘Thesis’ အခြေတည်ခဲ့တဲ့ပကတိ သဘောထားတွေရဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက်ပဋိမူလ’ (ဝါ) ‘Antithesis’ အတွေးအခေါ် တွေနဲ့ အဆိပ်ခတ်ခံရတဲ့ (အဆိပ်အတောက်ဖြစ်စေတဲ့) အခါမှာ ဘာသာတရားတိုင်းဟာ ဖျက်စီးချေမှုန်းနိုင်စွမ်းအား တရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။  အခုဗုဒ္ဓဘာသာ အလှည့်ပါပဲ  ဆိုပြီးဒီလို အကြမ်းဖက်မှု တွေဟာ မူလသဘောနဲ့ ဆန့်ကျင်ဘက်သာဖြစ်တယ်ဆိုတဲ့ အကြောင်း နဲ့ ဘာသာတိုင်းမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတဲ့သဘောကို သေသေချာချာ မူရင်းဆောင်းပါးရှင်က ထောက်ပြထားပါတယ်။

ဆောင်းပါးနိဂုံးမှာလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အံ့သြချီးမွမ်းဖွယ် ခွင့်လွှတ်သည်းခံနိုင်မှုကို ဖော်ညွှန်းတဲ့ အဖြစ်အပျက် တခုကို ရေးသားရာမှာ အောက်ပါစာကြောင်း တခုနဲ့ အစပျိုးထားပါတယ်။  The Buddhist spirit of forgiveness, though, still exists in the unlikeliest of places.”  သို့သော်ငြားလည်း ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်နိုင်မှု စိတ်ဓာတ်ဟာ လူတွေ မျှော်လင့်ထင်မှတ်မထားနိုင်တဲ့ နေရာအခြေအနေမျိုးတွေမှာ လက်ရှိအချိန်တိုင်အောင် ဆက်လက် တည်ရှိနေပါသေးတယ်လို့မူရင်းဆောင်းပါးရှင်က တိတိကျကျ ရှင်းရှင်းလင်းလင်းရေးသားထားပြီးဗုဒ္ဓဘာသာနဲ့ ဘာသာဝင် အများစုရဲ့ ကောင်းမြတ်မှုသဘောကို ဖော်ပြထားပါတယ်။

ဒီလို ဗုဒ္ဓဘာသာဝင် တွေရဲ့ အံ့သြချီးမွမ်းဖွယ် ခွင့်လွှတ်နိုင်မှုစွမ်းရည်ကို ဖော်ညွှန်းရာမှာ အကြမ်းဖမ်သမားတွေရဲ့ ဗုံးဒဏ်ကို ပြင်းပြင်းထန်ထန် ထိခိုက် ခံစားခဲ့ရတဲ့ ထိုင်းလူမျိုးဗုဒ္ဓဘာသာဝင် ဦးဇင်းလေးကအကြမ်းဖက်သမား ဝါဒနဲ့အစ္စလာမ်အယူဝါဒကို ခွဲမြင်နိုင်ပြီး တဘက်နဲ့ တဘက် အပြန်အလှန်အပြစ်တင်နေလို့ အကျိုးမရှိတဲ့ သဘောကို အာဃာတ မရှိ၊ခွှင့်လွှတ်နိုင်မှု အပြည့်နဲ့ ပြောပြနိုင်မှု ဖြစ်ရပ်နဲ့ ပုံဖော်ရင်း ဆောင်းပါး ကို နိဂုံးချုပ်ထားပါတယ်။

ဆိုတော့မူရင်းဆောင်းပါးဟာ ဆရာ ခံစားရသလိုဗုဒ္ဓဘာသာဝင်အားလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းခြင်းမဟုတ်နိုင်ဘူး ဆိုတာ အထက်မှာ ဆွေးနွေးတင်ပြခဲ့တဲ့အချက်တွေက သက်သက်ပြုမယ်လို့ ယူဆပါတယ် ခင်ဗျာ။

နောက်တချက်ကျနော့် အတွက် ပိုစိတ်ပျက်စရာ ဖြစ်၊အကြီးမားဆုံး ပြက်လုံးတခု ကြားရသလို ခံစား ရတာကတော့ ဆရာ့ရဲအစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှားသတင်းထုတ်ပြန်နေတာကိုလည်း လစ်လျူရှုပြီးဆိုတဲ့ စာသား ပါပဲခင်ဗျာ။  အကြမ်းဖက်မှုတွေတားဆီးသလား ဆိုတာ အရေးပေါ်ဥပဒေထုတ်ပြီး လက်ပိုက်ရပ်ကြည့်နေတဲ့တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံ တွေ၊ ရုပ်သံမှတ်တမ်းတွေကသက်သေပါ ခင်ဗျာ။  ဒါ့အပြင်အကြမ်းဖက်မီးရှို့မှုတွေ မြို့တမြို့ မှာ မဖြစ်ခင် သွေးထိုးမှုစာတွေစနစ်တကျ ဝေတာ၊ ဖြစ်ခါနီး နောက်ဆုံးအချိန်မှာမီးဖြတ်၊ တယ်လီဖုန်းလိုင်းဖြတ်ပေးတာ စတဲ့ သံသယ ဖြစ်ဖွယ်အနေအထား တွေကို ကိုမင်းကိုနိုင်တောင် အဖွဲ့အစည်းတခုခုရဲ့ နောက်ကွယ်ကစနစ်တကျ ကြိုးကိုင် ကြံစည်ထားမှု ပယောဂ ပါနေသလား ဆိုပြီးထောက်ပြ မေးခွန်းထုတ်ဖူးခဲ့ပါသေးတယ်။

ဆရာများဆက်စပ်တဲ့ သတင်းဖြစ်စဉ်၊ ဓာတ်ပုံ၊ ရုပ်သံတွေ မဖတ်ခဲ့၊ မသိခဲ့၊ မမြင်ခဲ့၊ မကြည့်ခဲ့ရဘူးလား ခင်ဗျာ။

တရားဥပဒေအရ အရေးယူ အပြစ်ပေးမှု ကိုကြည့်ပြန်ရင်လည်း တောင်ကုတ် အုပ်စုလိုက် လူသတ်မှုကြီးကစလို့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ တွေ နဲ့အကြမ်းဖက်မှုတွေမှာ တရားခံတွေကို ဘယ်နှစ်ယောက်များ  တရားဥပဒေရှေ့မှောက် အရောက်ပို့ စစ်ဆေး အရေးယူ၊ ထိုက်သင့်မျှတတဲ့ အပြစ်ပေးမှုမျိုး ပြုလုပ်ပေးပြီးပါပြီလဲ ဆိုတာ ဆရာ့ ကိုမေးခွန်းထုတ်ချင်မိပါတယ်။

မူရင်းအင်္ဂလိပ်ဆောင်းပါးကလည်း တကယ်တော့ ဆရာ ဆောင်းပါးပါသွေးထွက်သံယိုအကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်အတိုင်းလည်း အပြည့်အဝ မဟုတ်ပါ ခင်ဗျာ။  မူရင်း စာကြောင်းက “The communal violence, which the government has done little to check, has since migrated to other parts of the country”  ဖြစ်ပါတယ်။  ဒါကိုဘာသာပြန်ရင်လူအုပ်စုအကြား ဖြစ်ပေါ်တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှု အားနည်းခဲ့ခြင်းနဲ့အတူ  (အဲဒီအချိန်ကစလို့) နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက် ကူးစက် ခဲ့ပါတယ်လို့သာ အဓိပ္ပာယ် ထွက်ပါတယ်။ “has done little to check” ဆိုတာ ဟာအထိန်းအကွပ် မရှိဘဲဆိုတဲ့ သဘော လုံးဝ မသက်ရောက်ဘဲစောင့်ကြည့်စစ်ဆေးမှု လျော့ရဲ အားနည်းမှုလို့သာဆိုလိုပါတယ်။

ဆိုတော့ဆရာ ခင်ဗျာ။  အထက်မှာမေးထားတဲ့ မေးခွန်းပဲ ထပ်မေးချင်ပါတယ်။  ဆရာကိုယ်တိုင် အစဉ်အဆက်လေးစားလို့ အမြဲဖတ်ရှုနေရပါတယ်လို့ ဆောင်းပါးမှာ ဆရာ ဆိုထားတဲ့ မဂ္ဂဇင်းကြီးပါ မူရင်းဆောင်းပါး အင်္ဂလိပ်လိုကို တကယ်မှ ဖတ်ဖြစ်ခဲ့ပါရဲ့လား ခင်ဗျာ။ကျနော်ရဲ့ ယခု ဆောင်းပါးပါ အဓိပ္ပာယ်ဖွင့်ဘာသာပြန်ဆိုမှုတွေကို ဆရာ မနှစ်သက်၊ သဘောမတူပါကဆရာ ဆန္ဒရှိရာ အင်္ဂလိပ်စာ ပါမောက္ခ တယောက်ယောက် ဆီမှာစိတ်ကြိုက် စစ်ဆေးပါ ခင်ဗျာ။

ဆရာ့ လို လူထုအပေါ် သြဇာသက်ရောက်မှု ရှိတဲ့ ပုဂ္ဂိုလ် တယောက်ကကိုယ်တိုင် ဦးဆောင်ပြီးတော့တောင် မူရင်းဆောင်းပါး ရဲ့ အာဘော် သဘောထားအမှန်တချို့ မီဒီယာတွေရဲ့ ဘာသာပြန်မူတွေမှာ ပျောက်နေမှုကို ထောက်ပြ ကျနော်တို့ လူအများ၊အထူးသဖြင့် အင်္ဂလိပ်စာ ဖတ်နိုင်မှု အားနည်းတဲ့ လူအများ၊ မူရင်း ဆောင်းပါး ဖတ်ရှုဖို့အခွင့်မသာတဲ့ လူအများ အကျိုးသင့် အကြောင်းသင့်ဖြစ်အောင် ရှင်းပြ၊ အကျိုးမဲ့ သွေးဆူ၊ ဒေါသထွက်၊ အမုန်းမပွားစေဖို့လမ်းညွှန်မှု ပေးရမှာ မဟုတ်ပါသလား ခင်ဗျာ။

ဆရာ့ ဆောင်းပါး ကို အထက်မှာ ဆွေးနွေးခဲ့သလိုဘာသာပြန်ကိုးကားမှု သဘော အပြင် တခြားထောက်ပြ ပြန်လည် ဆွေးနွေးလိုတာကတော့ အချက်အလက်သဘောတွေ ပါ ခင်ဗျာ။

သွေးအထပ်ထပ်စွန်းနေသော/၁၁ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲဆိုတဲ့ ဆရာ့ ဆောင်းပါးပါ စာသား ကို ပြန်လည်ထောက်ပြရရင်ဘင်လာဒင်လို့ တိုင်းမ်မဂ္ဂဇင်း အပါအဝင်ဘယ်မီဒီယာ၊ အဖွဲ့အစည်း တခုခုကမှ အစပြု အမည်တပ် ညွှန်းဆိုခဲ့ခြင်းမဟုတ်ပါ။  ဆောင်းပါးပါဆရာတော် ကိုယ်တိုင်မြန်မာ ဘင်လာဒင် (သို့) ဗမာပြည်ရဲ့ ဘင်လာဒင်လို့ ရိုက်တာ သတင်းဌာနနဲ့အင်တာဗျူး တခုမှာ ဖွင့်ဆို ခံယူထားခြင်းဖြစ်ပါတယ်။  ဆရာသတိမပြုမိခဲ့ရင် သက်ဆိုင်ရာ သတင်းကို တွဲလျက် ရိုက်တာ အင်တာနက်စာမျက်နှာမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။  (“http://www.reuters.com/article/2013/04/08/us-myanmar-violence-specialreport-idUSBRE9370AP20130408”)

ဆိုတော့ဆရာ့ အနေနဲ့ဘင်လာဒင် နဲ့ဘာ့ကြောင့် ခိုင်းနှိုင်းညွှန်းဆိုရသလဲဆိုတဲ့ မေးခွန်းကို တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်ကိုမေးခွန်းထုတ်မယ့် အစား ကာယကံရှင် ကိုယ်တော်ကိုသာ မေးမြန်းလျှောက်ထားသင့်ပါတယ် လို့ ပြန်လည် ထောက်ပြဆွေးနွေးလိုပါတယ်။

နောက်တခုက“Hannah Beech ကစစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲလို့ ပုတ်ခတ်လိုက်ပြန်ပါသည်။လို့ ဆရာဆောင်းပါးမှာ ဆိုထားခြင်းကို ပြန်လည် ဆွေးနွေးထောက်ပြရရင် ဆရာထောက်ပြတဲ့သဘောမှာ “Hannah Beech” က ပုတ်ခတ်ပြောဆိုထားခြင်းမျိုး လုံးဝ မဟုတ်ပါ။  ထိုင်းတောင်ပိုင်း ပဋိပက္ခ မှာ ဗုဒ္ဓဘာသာရဲ့အခန်းကဏ္ဍ အကြောင်း စာအုပ်ရေး သူ “Youngstown State University, Ohio” က တွဲဘက်ပါမောက္ခ “Michael Jerryson” ရဲ့ အမြင်၊ အာဘော်ကို ကိုးကားညွှန်းထားခြင်းသာ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ စစ်တပ် လက်ဆက်မှု သဘောကိုဗမာပြည်အပါအဝင် ကမ္ဘာအနှံ့ဖြစ်စဉ်တွေနဲ့ ဖြန့် ရှင်းပြ ဆွေးနွေးမှလူအများ သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ ဆောင်းပါး သပ်သပ် ရေးဖို့ ရှိပါတယ်။  “Michael Jerryson” ရဲ့ အထက်ပါသဘောထား ဟာ ပုတ်ခတ်ခြင်း ဟုတ်/မဟုတ် အနည်းဆုံး သူရေးစာအုပ်ကို ဖတ်ပြီးမှသာ တစုံတယောက်က ပြန်လည် ဝေဖန် မှတ်ချက်ပြုနိုင်မှာဖြစ်ပါတယ်။  ဆိုတော့တုံ့ပြန်ချင်ရင် သက်ဆိုင်ရာ စာအုပ်ကို အရင် ဖတ်ဖို့ အကြံပြုပါရစေခင်ဗျာ။  ခုကျွန်တော် ဒီမှာ ပြန်လည်ထောက်ပြလိုတဲ့ သဘော ကတော့အထက်ပါ သဘောထားဟာ “Hannah Beech” ရဲ့ တမင်သက်သက် ပုတ်ခတ်စွပ်စွဲမှုသဘောထား မဟုတ်ဘဲ ပညာရပ်သဘော အခြေအမြစ်ရှိရှိလေ့လာ၊ သုံးသပ်ထားတဲ့ ပညာရှင် စာရေးသူ တယောက်ရဲ့အမြင်ကို ကိုးကားထားခြင်းသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

ဆရာ့ရဲ့မျိုးစောင့်ဥပဒေအပေါ်သဘောထား၊ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင် ဆရာတော် အပေါ် သဘောထား၊၀ိနည်းသိက္ခာ နဲ့ ညီ/မညီစတာတွေကို ကျနော့် အနေနဲ့ ပြန်လည်ဆွေးနွေးစရာ မရှိပါ။  ဒါပေမယ့်ဆရာတော်တချို့ရဲ့ တရားပွဲတွေကအမုန်းတရားဟောကြားမှုတွေဟာ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် ပြင်းပြင်းထန်ထန်အကျိုးသက်ရောက် တယ်ဆိုတာကိုတော့ ကျနော်တို့ ဘယ်လိုမှ ပြန်လည် ငြင်းလို့ မရပါ။  မန္တလေးကမွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင်လုပ်မယ်အပါအဝင်အမုန်းတရားပွားနေတဲ့တရားပွဲရုပ်သံမှတ်တမ်းတွေက အထင်အရှား သက်သေပြုနေပါတယ်။

ဆိုတော့ဆရာ ခင်ဗျား။  ဆရာဆောင်းပါးမှာ ဝေဖန်ထားသလို တိုင်းမ်မဂ္ဂဇင်း ကမလျော်ကန်သော အသုံးအနှုန်းများဖြင့်စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်ဆိုတာဟာ အကျိုး/အကြောင်းညီ၊ ဓမ္မဓိဋ္ဌာန် (objectivity) ကျတယ်လို့ မဆိုနိုင်တော့ပါ ခင်ဗျာ။  ဆန္ဒစွဲအပါအဝင်အစွဲတွေနဲ့ ချေပထားတဲ့  ပုဂ္ဂလဓိဋ္ဌာန်(subjectivity) သုံးသပ်မှု တခုလို့ပဲ စိတ်မကောင်းစွာနဲ့ပဲ ယူဆ ရပါတော့မယ် ခင်ဗျာ။

ဆရာ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးကိုယ်စား ဗုဒ္ဓ ဘာသာရဲ့ မွန်မြတ်တဲ့တရားဓမ္မနဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်ကို ကမ္ဘာမှာ ညစ်နွမ်းသွားမှာ စိုးရိမ်တာနားလည်နိုင်ပါတယ် ခင်ဗျာ။  ကျနော်ကိုယ်တိုင်လည်းတိုင်းပြည်နဲ့ လူမျိုး၊  ဘာသာဂုဏ်သရေ ညှိုးနွမ်းမှာ စိုးရိမ်လို့  အခုလက်လှမ်းမီသမျှ နိုင်ငံခြားသား အားလုံးကို တိုင်းမ်မဂ္ဂဇင်း ဆောင်းပါး ပို့ပြီး ဆောင်းပါးကို ဘယ်လိုနားလည်သလဲ နဲ့ သူတို့ အမြင်၊သဘောထား မေးကြည့်နေပါတယ်။  အခုချိန်အထိမေးပြီးသမျှ မိတ်ဆွေ နိုင်ငံခြားသား အားလုံးဟာဒါဟာ ဗုဒ္ဓဘာသာ တရား၊ ဓမ္မလမ်းညွှန်မှုနဲ့ လုံးလုံးသွေဖီနေတဲ့ အစိတ်အပိုင်တရပ်ကိုသာ ရည်ညွှန်းခြင်း ဖြစ်တယ်ဆိုတာနဲ့ ဗုဒ္ဓဘာသာ ရဲ့ ငြိမ်းချမ်းမှုသဘော၊ မေတ္တာတရားနဲ့ ခန္တီစ ကြီးမှု သဘောကိုကောင်းကောင်းနားလည် သဘောပေါက် ပါတယ် ခင်ဗျာ။  တကမ္ဘာလုံးက အင်္ဂလိပ်စာလည်း တကယ်တတ်မယ်၊ ဆင်ခြင်တွေးခေါ်၊ စဉ်းစားနိုင်တဲ့ ဦးနှောက်လည်းရှိမယ်၊ တနည်းအားဖြင့် လူကောင်းစိတ်အနေအထား (မရူးတဲ့ သူ) လည်းဖြစ်မယ် ဆိုရင် ဒီအတိုင်းပဲ တသဘောတည်းရှိမယ်ဆိုတာ ကျနော့်အနေနဲ့ လုံးဝ ယုံကြည်ပါတယ် ခင်ဗျာ။

နိဂုံးချုပ်ရရင်  လူဆိုတာအတ္တစွဲ၊ အုပ်စုစွဲ၊ လူမျိုး ဘာသာစွဲတွေ အနည်း၊အများ ရှိတတ်ကြစမြဲမို့ ကျွန်တော်တို့ မမြင်နိုင်၊ ကွယ်နေတဲ့ ဗမာ့မျက်မှောက်ရေးရာမှာ အရေးကြီးတဲ့ ပြဿနာ အရင်းခံ အခြေအနေတခုရဲ့အတွင်းသဘောတွေကို နိုင်ငံတကာ အမြင်၊ တတိယ ကြားနေအုပ်စုသဘော၊ လွတ်လပ်တဲ့ စာနယ်ဇင်းတခုရဲ့ ထောက်ပြချက် အနေနဲ့ တိုင်းမ်မဂ္ဂဇင်းက ဖော်ထုတ်ရေးသားထားခြင်းကိုလက်မခံနိုင်ရင်တောင် အလေးအနက် ထည့်သွင်းစဉ်းစား အရေးတယူ ရှိရပါမယ်။  လုံးဝ အသိအမှတ်မပြု ဥပေက္ခာပြုနေခြင်း၊ ပစ်ပစ်ခါခါ ပြန်လည် ဝေဖန်ခြင်း၊ မဟုတ်ဘူးဆိုကာ အတွင်တွင်ဘူးခံငြင်းခြင်း စတဲ့အပြုအမူ၊ သဘောထားတွေဟာ ခေတ်အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးလာခဲ့ပြီး ဘာတခုမှ အကျိုးရလဒ် မရှိ၊ကမ္ဘာကလည်း မယုံ၊ ပြည်တွင်း ပြဿနာလည်းအမှန်တကယ် မရှင်းနိုင်ခဲ့တာ သမိုင်းသက်သေ ရှိပါတယ် ခင်ဗျာ။  အစွဲကင်းတဲ့ရင်ဘတ် နှလုံးသား စိတ်၊ ကျယ်ပြန့်တဲ့ သဘောထား၊မှန်ကန်တဲ့  အလုပ်တွေနဲ့သာကိုင်တွယ် ဖြေရှင်းမှသာ မိမိလူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့အမုန်းတရားနဲ့ ဆက်စပ်တဲ့ ရောဂါစုံနဲ့ ရေသောက်မြစ်ဇစ်မြစ်အားလုံး ကို အလုံးစုံအောင်မြင် ပြီးမြောက် အေးချမ်း နိုင်မှာ ဖြစ်ကြောင်း ကျနော့်အမြင်၊ အာဘော် ကို ဧရာဝတီကနေတဆင့်ပြန်လည် ဆွေးနွေးတင်ပြလိုက်ပါတယ် ခင်ဗျာ။


ဆရာတော်ဦးဝီရသူနှင့်ပတ်သက်၍ကမ္ဘာကျော် Time မဂ္ဂဇင်းဖော်ပြမှု လက်ခံနိုင်စရာမရှိဟု အစ္စလာမ်ဘာသာရေးအဖွဲ့များဆို

ယခုလထုတ်ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏မျက်နှာဖုံး၌ ဆရာတော်ဦးဝီရသူပုံနှင့်အတူ The Face of Buddhist Terror ဟူ၍ဖော်ပြထားသည်နှင့်ပတ် သက်၍ ပြည်တွင်းသာမက ပြည်ပရောက်  မြန်မာများ၌လည်းမကျေနပ်သံများ ထွက်ပေါ်လျက် ရှိပြီး ပြည်တွင်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများကလည်းTime မဂ္ဂဇင်း၏ တစ်ဖက်သတ် ဖော်ပြချက်အပေါ် လက်မခံနိုင် ကြောင်း ပြောကြားကြသည်။
““ကမ္ဘာပေါ်မှာသြဇာကြီးမားပြီး လူသိများတဲ့ မဂ္ဂဇင်းကြီး တစ်စောင်ကနေ ဘက်လိုက်ပြီး ဒီလို တစ်ဖက်ကြီးရေးတာကို ဗုဒ္ဓဘာသာဝင်တွေ လက်မခံနိုင် သလို ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေအနေ နဲ့လည်း  လက်မခံနိုင်ပါဘူး။ဘာလို့ဆိုတော့ ရေးသားချက်က လှုံ့ဆော်နေသလို တစ်ဖက်ကို နှိပ် ကွပ်ပြီး တစ်ဖက်ကိုမြှောက်ပင့်ပြီး ရေးသားထားတာ။ ဒါဟာ ဗုဒ္ဓ ဘာသာဝင်တွေအတွက်စိတ် အနှောင့်အယှက်တစ်ခုလည်းဖြစ် စေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကြားမှာ သံသယ စိတ်ကြီးကို ပေါက်ဖွားသွားစေတယ်။ ဒီကိစ္စကို လုံးဝလက်မခံနိုင် ပါဘူး””ဟု အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခု၏ တာဝန် ရှိသူတစ်ဦးဖြစ်သူဲံဦးမြင့်နိုင် က ဆိုသည်။
ဆရာတော်ဦးဝီရသူနှင့်ပတ်သက်၍Time မဂ္ဂဇင်း၌ ဖော်ပြ ရာ၌ ဗုဒ္ဓဘာသာအစွမ်းရောက် အကြမ်းဖက်သမားဟူသော အသုံးအနှုန်းများကို သုံးနှုန်းထား ပြီး ယင်းနှင့်ပတ်သက်၍ ပြည်တွင်းနေ သံဃာတော်များမှလည်း ရှုံ့ချလျက်ရှိနေကြသည်။ အဆိုပါ Time မဂ္ဂဇင်း၏ ရေးသားချက်မှ ပဋိပက္ခမီးအား ပိုမိုအားပေးရာ ရောက်နေကြောင်း၊ တစ်ဖက်သို့ ရှုံ့ချနှိပ်ကွပ်၍ တစ်ဖက်သို့မြှောက် ပင့်ရေးသားထားမှုများကြောင့် အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာ သာဝင်များကြား ပဋိပက္ခအားအခြေခံသော သံသယစိတ်များ ကိန်းအောင်းလာနိုင်သည့်အတွက် သက်ဆိုင်ရာ ဘာသာနှစ်ခုမှ စုပေါင်း၍ ယင်း Time မဂ္ဂဇင်းပါ ဖော်ပြချက်နှင့်ပတ်သက်၍ ပြဿနာများဖြစ်ပွားလာနိုင်ခြင်း မရှိရန်နှင့် သံသယများရှင်းလင်း ရန်အတွက် တွေ့ဆုံညှိနှိုင်းပွဲ တစ်ခု ပူးပေါင်းလုပ်ဆောင်ရန် လိုကြောင်းလည်း လေ့လာသူပြည်သူတစ်ဦးက ဆိုသည်။

 ခန့်ခန့်(ဒဿနိက)



တိုင်းမ်မဂ္ဂဇင်းကို အရေးယူရန် အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ စီစဉ်နေ

၂၀၁၃ ခုနှစ် ဇူလိုင်လ ရက်နေ့ ထုတ် တိုင်းမ် (TIME) မဂ္ဂဇင်းအတွဲ ၁၈၂၊ အမှတ် တွင် ဦးဝီရသူ၏ ဓာတ်ပုံကို မျက်နှာဖုံးတင်၍ “The Face Of Buddhist Terror” အမည်ရှိ ဆောင်းပါး ဖော်ပြမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်များကိုဖောက်ဖျက်ရာ ကျရောက်နိုင်သဖြင့် အရေးယူပေးရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီကို တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်းက နေပြည်တော်တွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးကြောင့် ဘာသာ ပေါင်းစုံအကြား နားလည်မှုတည်ဆောက်နေသည့် လုပ်ငန်းစဉ်များကို အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင်၊ မလိုလား အပ်သော ဘေးအန္တရာယ်များကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကိုလည်းဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် တင်ပြထားကြောင်းသမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

ကျနော်တို့ကဒီဆောင်းပါးပါတဲ့ စာစောင်ကို ဖြန့်ချိလိုက်ရင် ပိုပြီး တင်းမာမှုတွေ ဖြစ်သွားနိုင်တယ်။လှုံ့ဆော်ရာ ရောက်တဲ့ အတွက် ဒါနဲ့ပတ်သက်လို့ စဉ်းစားဆောင်ရွက်ပေးပါဆိုပြီး အရေးပေါ်ကာလ စီမံခန့်ခွဲမှုကို မေတ္တာရပ်ခံ ထားတယ်။ ကော်မတီက ဒီညနေမှာအစည်းအဝေး ထိုင်နေတယ်ဆိုတာ သိရတယ်။ သူတို့ လုပ်ဆောင်မယ့်လုပ်ဆောင်ချက်ကို ကျနော်တို့ မသိသေးဘူး။ ဆောင်းပါးရှင်နဲ့ ပတ်သက်လို့ အရေးယူဖို့ တင်ပြထားတာမျိုး လောလော ဆယ်မရှိပါဘူးဟုဦးရဲထွဋ်က ဆိုသည်။

အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဆိုသည်မှာ ၂၀၁၃ ခုနှစ် မတ်လ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများ တားဆီး ထိန်းသိမ်းနိုင်ရေး အတွက်ဖွဲ့စည်း ထားသော အဖွဲ့အစည်း ဖြစ်ပြီးပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ ၀န်ကြီးနှင့်ဒုဝန်ကြီး ၁၀ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်မှာလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ၏ အဖွဲ့ဝင် တဦးဖြစ်သည်။

အစိုးရကတိုင်း မဂ္ဂဇင်းအပေါ် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေချိန် မြန်မာနိုင်ငံတွင်းသို့ တိုင်း မဂ္ဂဇင်းကို တဦးတည်းကိုယ်စားလှယ် တင်သွင်းနေသော အင်းဝ စာပေတိုက်၏ မန်နေဂျာဦးမောင်မောင်လွင်က ယခု ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းကို မဖြန့်ချိတော့ရန် ဆုံးဖြတ် လိုက်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ခြင်းမှာ တစုံတဦး၏ ဖိအားပေးမှု မပါဘဲ အင်းဝ စာပေတိုက်မှဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းဧရာဝတီသို့ ပြောသည်။

ဒီဇူလိုင်လထုတ်တိုင်းမ် မဂ္ဂဇင်းကို ဖြန့်ချိခြင်း မပြုပါဘူးဆိုပြီး ကြေညာထားတယ်။ ကျနော်တို့ ဖြန့်နေတာက စောင်ရေ ၆၀၀ ကျော်ရှိပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က လပေးယူထားတဲ့သူတွေပါ။ ကျနော်တို့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့ဘာသာ ကျနော်တို့ လုပ်တာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီမဂ္ဂဇင်းကို ဖြန့်ချိဖို့မသင့်တော်ဘူးလို့ ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်ပြီးတော့ မဖြန့်ချိတာပါ။ဘယ်သူ့ဖိအား၊ ဘာပြဿနာမှ မရှိပါဘူး။ ကျနော်တို့က တဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းနေတာပါ။ ကျနော်တို့တာဝန်ယူတဲ့ အပိုင်းက မဖြန့်ချိဘူး။ အရင်တုန်းက စာပေစိစစ်ရေး ရှိတယ်။ စာပေစိစစ်ရေးက တာဝန်ယူပြီးတော့ မဖြန့်ရပါဘူး ဆိုရင် ကျနော်တို့မှာ ပြဿနာမရှိဘူး။စာပေစိစစ်ရေးက ပိတ်လိုက်တယ်လို့  ပြောလိုက်ရင်ပြဿနာ မရှိဘူး။ အခုက ကိုယ့်တာဝန် ကိုယ်ယူရတာဆိုတော့လေ ကျနော်တို့ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကို ဖြန့်ဖို့ မသင့်ဘူးဆိုပြီးမဖြန့်တာပါဟု ဦးမောင်မောင်လွင်က ဆိုသည်။

တိုင်းမ်မဂ္ဂဇင်းအပေါ် ဝေဖန်မှုများမှာ စာနယ်ဇင်း အသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူများအကြား ပျံ့နှံ့လျှက် ရှိပြီး ယခုရက်ပိုင်း ထွက်ရှိသောစာနယ်ဇင်း အများစုတွင် တိုင်းမ်မဂ္ဂဇင်း၏ ဆောင်းပါးကို ဝေဖန်ချက် အမျိုးမျိုးဖြင့် တင်ဆက် နေသည်ကို တွေ့ရသည်။

ယနေ့ နေပြည်တော်တွင် ပြန်လည်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ အရေးယူ ဆောင်ရွက်နိုင်သော ဥပဒေတရပ် ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိအမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အစိုးရအနေဖြင့်လက်ရှိ ဥပဒေများ လုံလောက်ပြီ ဖြစ်သောကြောင့် သီးခြားဥပဒေ ထပ်မံ ပြဋ္ဌာန်းရန် မရှိဟုဖြေဆိုသွားသည်။



Share:

0 comments:

Post a Comment

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.