အခြေခံဥပဒေပြင်ဆင်ရေးမြို့နယ် ၂၇၀ မှ လူထုသဘောထားလွတ်တော်ပို့မည်
ဒီဇင်ဘာ ၂၄ယ ၂၀၁၃အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀တွင် ကောက်ယူထားသည့်အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကိုယခုရက်ပိုင်း အတွင်း ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
အဆိုပါ မြို့နယ်များမှ ရရှိလာသောလူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလနောက်ဆုံးပတ် အတွင်း အခြေခံဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေအသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုသာ ထောက်ခံမှု ရာခိုင်နှုန်းများကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူထုထောက်ခံမှု ရရှိထားပြီးဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်းပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်တွင်ပြောကြားထားသည်။
NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကိုစက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီးအခြေခံ ဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ယူခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက် များကိုအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီ သို့ ဒီဇင်ဘာ၃၁ ရက် မတိုင်မီပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly
0 comments:
Post a Comment