nicolelwin

Wednesday, June 4, 2014

အင်အယ်ဒီနှင့် ၈၈ မျိုးဆက်သစ်တို့ ၄၃၆ ပြင်ဆင်ရေး UNA ပါဝင်ကူညီမည်
ဂျွန်လ ၄ ရက်နေ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုလက်မှတ်ရေးထိုးရေး မြို့နယ်ဟောပြောပွဲများတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
UNA နှင့် ၈၈ မျိုးဆက်အဖွဲ့တို့သည် အဆိုပါ ဖွဲ့စည်းပုံပုဒ်မ
၄၃၆ ပြင်ဆင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် ယခင်ကတည်းက သဘောတူထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဖွဲ့တည်း သီးသန့်လုပ်ဆောင်သွားရန်မူ မရှိဘဲ အားလုံးပူးပေါင်း လုပ်ဆောင်သွားရန်သာရှိကြောင်း သိရသည်။
“တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကူညီသွားမယ်လို့တော့ အားလုံးက ပြောပါတယ်။ သီးသန့်လုပ်သွားဖို့တော့ မရှိဘူး။ အားလုံးက ချိတ်ဆက်ပြီးတော့ လုပ်သွားရမှာပဲ” ဟု ၈၈ မျိုးဆက်အဖွဲ့မှ လူထုဆက်ဆံရေးဌာန တာဝန်ခံ ဦးဂျင်မီက ပြောကြားသည်။
ယင်းကဲ့သို့ ကူညီမှုများ ပြုလုပ်ရာတွင် UNA အဖွဲ့အနေဖြင့် ကူညီသွားရန်မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသည့် UNA အဖွဲ့ဝင် ပါတီများကသာ ကူညီသွားရန်ဖြစ်ပြီး ၀ိုင်းဝန်းသွားမည့် ပုံစံမျိုးသာဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲကို ၁၇ ပွဲအထိ ပြုလုပ်သွားရန် လျာထားပြီး ဇွန် ၄ ရက်အထိ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်များတွင် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲများ ဆက်လက်ပြုလုပ်သွားမည့် မြို့နယ်များမှာ ရှမ်းပြည်နယ်ရှိ လားရှိုး၊ တောင်ကြီးနှင့် ကျိုင်းတုံ၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဗန်းမော်၊ ပဲခူးတိုင်းဒေသကြီးမှ ပဲခူးနှင့်ပြည်၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်၊ မကွေးတိုင်းဒေသကြီးမှ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာ၊ မွန်ပြည်နယ်မှ မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးမှ မြိတ်၊ ထားဝယ် စသည့်မြို့နယ်များဖြစ်ကြောင်း သိရသည်။
UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီနှင့် မှတ်ပုံတင် ပြန်လည်မတင်ရသေးသော ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဝင် ပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
Eleven


Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.