မကွေး ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲအောင်မြင်စွာပြီးစီး
ဂျွန်လ ၉ ရက်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက် ၉း ၀၀ နာရီက မကွေးတိုင်း၊ မကွေးမြို့၊ အေးစေတီကျောင်းဝန်း အတွင်းတွင် ကျင်းပပြုလုပ်ရာ လူထု ပရိသတ် ရှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဥပဒေ
အထောက်အကူပြု အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဌေးကြွယ်နှင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောသွားခဲ့ကြသည်။
နောက်ဆုံးအနေဖြင့် မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးရခြင်း ကိစ္စကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို နံနက် ၁၁း ၃၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။
အစောပိုင်းနေ့များက အခမ်းအနားကို တားဆီးပိတ်ပင်ခြင်း၊ ဟန့်တားခြင်း၊ ဖိအားပေးခြင်းများ ရှိခဲ့သော်လည်း ယနေ့ ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားကိုမှု တစ်စုံတစ်ရာ အနှောင့်အယှက်ပေးခြင်းမျိုး မတွေ့ခဲ့ရပေ။ ယခင်ရက်များက တားဆီး၊ ဟန့်တား၊ ဖိအားပေးခံရမှုများ အကြားမှပင် ယနေ့ အခမ်းအနားကို မကွေးမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသခံ ရှစ်ထောင်ကျော်ခန့် တက်ရောက်အားပေးခဲ့ကြခြင်းဖြစ်သည်။
0 comments:
Post a Comment