nicolelwin

Wednesday, June 4, 2014

ဒီစကား(မေ ၃၀၊ ၂၀၁၄)


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးလက်မှတ်ထိုး ဆန္ဒပြုတဲ့ လှုပ်ရှားမှု စတင်ခဲ့တာ တစ်ပတ်နီးပါး ရှိလာပြီဆိုတော့၊ စိတ်ဝင်စားဖွယ်ရာ ရုပ်သဏ္ဍာန်လေးတွေပေါ်လွင်လာပါတယ်။ ကျွန်မတို့ လှုပ်ရှားမှုဟာ ဒီမိုကရေစီ သဘောထား၊ တန်ဖိုးထားမှုတွေကို အခြေခံပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဥပဒေဘောင်အတွင်းက၊ ပြည်သူများရဲ့ မိမိတို့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ လှုပ်ရှားမှုကို မလိုလား၊ ဆန့်ကျင်သူတွေလဲရှိတာပေါ့။ မတူကွဲပြားမှုကို လက်ခံတာ ဒီမိုကရေစီ စိတ်ဓါတ်ပါပဲ။ သဘောမတူလို့ ဆန့်ကျင်တာလဲ လက်ခံရမှာပါ။ ဆန့်ကျင်ပုံ ဆန့်ကျင်နည်းတွေကိုတော့ ဒီမိုကရေစီ စံထုံး၊ စံထားများနှင့် ညီ၊ မညီ ကျွန်မတို့ ပြည်သူတွေ ဆန်းစစ်စေချင်ပါတယ်။

(၄၃၆) ပြုပြင်ရေး လှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ပိုစတာ စာတန်းတွေ ကိုင်ပြီး ဆန္ဒပြသူများအထဲမှာ အုပ်ချုပ်ရေးမှူး အမိန့်အရ လုပ်ရသူတွေ၊ ဘာကို ဘာအတွက် ဆန့်ကျင်နေမှန်းမသိ ငွေပေးခိုင်းလို့ လုပ်တဲ့ သူတွေ ပါဝင်နေကြောင်း ကြားသိရပါတယ်။ ဒီလိုဆန့်ကျင်မှုမျိုးဟာ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲ သုံးစားပြုသလို၊ ပြည်သူတွေကိုလဲ မလေးစားရာ ရောက်ပါတယ်။ အမိန့်အာဏာ၊ ငွေအင်အားသုံးပြီး နိုင်ငံရေး အရ အသုံးချတာဟာ အာဏာရှင်များ၊ ဒီမိုကရေစီကို အလေးမထားသူများရဲ့ လုပ်နည်းလုပ်ထုံးတွေ ဖြစ်ပါတယ်။
ပြည်သူတွေကို အလေးထားရင်၊ ပြည်သူများအနေနဲ့ မိမိတို့နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို နားလည်အောင် ကြိုးစားလုပ်ဆောင်ပြီး၊ ကန့်ကွက်သင့်သည်ကို ကန့်ကွက်၊ ထောက်ခံသင့်သည်တို့ကို ထောက်ခံဖို့ စည်းရုံးလှုံ့ဆော်ရပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲများအတွက် မဲဆွယ်တဲ့အခါမှာ၊ ဘယ်လို အကြောင်းတွေကြောင့် ပါတီတစ်ချို့ကိုသော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ယောက် ကို သော်လည်းကောင်း မဲပေးရွေးချယ်သင့်တာကို ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ အာဏာ၊ သြဇာ၊ ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်း နည်းလမ်းတွေသုံးပြီးရင်တော့ တရားမျှတ၊ လွတ်လပ်တဲ့ ဒီမိုကရေစီလမ်းက သွေဖီသွားပြီလို့ပဲ သတ်မှတ်ရပါမယ်။
ယခု (၄၃၆) ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို ပြည်သူတွေ မထောက်ခံအောင် နည်းအမျိုးမျိုးသုံးလာတာတွေ့ နေရပါတယ်။ အတိတ်မှာ ထားခဲ့ပါပြီဆိုတဲ့ စစ်အာဏာရှင်စနစ်တုန်းက သုံးခဲ့တဲ့ နည်းမျိုးတွေပါပဲ။ ဒီလို ဖြစ်ရပ်တွေဟာ တစ်ဖက်ကကြည့်ရင် စိတ်ပျက်စရာလို့ ပြောနိုင်ပေမယ့်၊ တစ်ဖက်ကကြည့်ရင်တော့ အင်မတန်မှ တန်ဖိုးရှိတဲ့ အချက်ပြတွေဖြစ်ပါတယ်။ ဒီလိုနည်းလမ်းတွေ သုံးတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ စေတနာမှန် ကို ဖော်ပြနေလို့ပါပဲ။
ဘယ်သူမဆို ကိုယ့်အကြိုက်လိုက်လျောနေသ၍တော့ ကျေနပ်ပြီး သဘောကောင်းသယောင်ယောင် ရှိနိုင်ပါတယ်။ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါကြမှ ဘယ်လောက် သဘောထားကြီးနိုင်တယ်။ ဘယ်အတိုင်းအတာထိ တကယ့် စေတနာထားနိုင်မယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ဂ - ကွေ့ မကွေ့ စတန်းလျှောက်နေပါပြီလို့ အသံကောင်းဟစ်ပြီး ပြည်တွင်း၊ ပြည်ပ ထောက်ခံမှုရအောင် လုပ်နေတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ အတွင်းစိတ်ကို ကျွန်မတို့ သိနိုင်ဖို့ ဒီပြည်သူ့ဆန္ဒပြုမှု ရယူရေး လှုပ်ရှားမှုကြီးက ပြလိုက်ပါပြီ။ ဒါဟာ ဒီလှုပ်ရှားမှုရဲ့ ပထမဦးဆုံး အကျိုးအမြတ်ပါပဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဘာ့ကြောင့်သဘောမတူဘူးလဲဆိုတာကို ထုတ်ဖော်ပြောဆို မှုတွေကလဲ ကျွန်မတို့အတွက် နိုင်ငံရေးအမြင်ကျယ်စေပါတယ်။ တိုင်းပြည်ရဲ့ တည်ငြိမ်မှုအတွက်၊ လုံခြုံမှုအတွက်၊ တည်တံ့ခိုင်မြဲမှုအတွက် စသဖြင့် အကြောင်းပြချက်တွေဟာ တကယ်ပဲ တိုင်းပြည်အတွက် စဉ်းစားတာလား၊ တစ်စု တစ်ဖွဲ့အတွက် စဉ်းစားတာလားဆိုတာကို ပြည်သူတွေ သုံးသပ်ကြစေချင်ပါတယ်။ စိုးရိမ်စိတ်၊ အကြောက်တရားတွေကို အခြေခံတဲ့ စည်းရုံးလှုံ့ဆော်မှုတွေဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ဓါတ် အင်အားများ ကျအောင်လုပ်ပြီး နိုင်ငံကို ဒုက္ခပေးရာရောက်ပါတယ်။ တကယ်တိုင်းပြည်ပေါ် စေတနာရှိရင် ပြည်သူတွေ မိမိတို့ရဲ့ ကံကြမ္မာ မိမိတို့ ဖန်တီးရဲ တဲ့သတ္တိတွေ၊ အဆင့်မြင့်တဲ့ နိုင်ငံရေး၊ လူမှုရေးအတွေးခေါ်တွေ တိုးပွားစေမယ့် နည်းလမ်းတွေနဲ့ နိုင်ငံရေး စည်းရုံးမှုတွေလုပ်ရမှာပါ။
နုနယ်သေးတဲ့ ဒီမိုကရေစီ မရတရ အချိန် ကာလလေးဖြစ်ပေမယ့် ပြည်သူ၊ ပြည်သားတွေဟာ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီစွမ်းအားသုံးနိုင်ခြင်းကို မပိတ်ပင်ချင်ကြပါနဲ့။
ဒီအပါတ်တော့ ဒီမျှသာ ..။
ဒေါ်အောင်ဆန်းစုကြည်

Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.